(အမ်းကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမြင်ကွင်း)

စိမ်းကိုကို/ DMG

ဇွန်လ (၂၄) ရက်၊ ၂၀၁၈ ခုနှစ်။  နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီတွင် ပါတီတွင်း အမည်စာရင်းတင်သွင်းထားသူ နှစ်ဦးရှိကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အကြိုညှိနှိုင်းမှုတစ်ခုကို ဇွန်လ ၂၄ ရက်နေ့က ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့နှင့် ရသေ့တောင်မြို့နယ်မှ ပါတီဝင်များ၊  အမည်စာရင်း တင်သွင်းထားသောပုဂ္ဂိုလ်များက  ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့ကြသည်။

“ ကိုယ်စားလှယ်လောင်းအဖြစ် တင်တာက နှစ်ဦးရှိပါတယ်။ ရွေးချယ်မှု မလုပ်ရသေးတဲ့အတွက် ကိုယ်စားလှယ်နှစ်ဦးက ပါတီတွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပါတီတွင်းယှဉ်ပြိုင်ပြီးလို့ အနိုင်ရတဲ့သူမှ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းဖြစ်လာမှာပါ ” ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ပါတီတွင်း အမည်စာရင်းတင်သွင်းထားသူနှစ်ဦးမှာ ရသေ့တောင်မြို့နယ် ရခိုင်အမျိုးသားပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်လှဝင်းနှင့် ရသေတော့င်မြို့နယ် ရခိုင်အမျိုးသားပါတီ မြို့နယ်ကော်မတီဝင် ဦးထွန်းထွန်းလင်း တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း လက်ရှိလစ်လပ်နေသော မဲဆန္ဒနယ်မှာ ယခင်က ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည့် ဦးဖိုးမင်း(ကွယ်လွန်) ၏ မဲဆန္ဒနယ်ဖြစ်သည်။  

ပါဝင်ယှဉ်ပြိုင်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် လာမည့် ဇူလိုင်လ ၂ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။