စိမ်းကိုကို၊ DMG

စက်တင်ဘာ ၁၂၊ စစ်တွေ

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် လစ်လပ်လျှက်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် မဲဆွေစည်းရုံးရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်နေကြပြီဖြစ်ကာ ရခိုင်အမျိုးသား ပါတီအနေဖြင့် နယ်မြေ ၃ ခုခွဲပြီး မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။

 

အဆိုပါ မဲဆွယ်စည်းရုံးရေးအတွက် မြို့မနယ်မြေ၊ မူစဲကျွန်းနယ်မြေ၊ ကျောက်တန်းနယ်မြေ စသည့် နယ်မြေသုံးခု ခွဲပြီး စည်းရုံးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိကာ မဲဆွေစည်းရုံးရေး အခြေအနေမှာ အားရကျေမှုရှိကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

 

“လောလောဆယ်ကျွန်တော်တို့ အောင်နိုင်ရေးကော်မတီက နယ်မြေတွေခွဲပြီး စည်းရုံးရေးဆင်းနေတယ်။ ကျွန်တော်တို့ အခြေအနေကတော့ အားရကျေနပ်မှုရှိပါတယ်”ဟု ပြောသည်။

                                                                   

ရသေ့တောင်မြို့နယ်တွင် လစ်လပ်နေသည့် အမှတ် (၂) မဲဆန္ဒနယ်မှာ ယခင် ရခိုင်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးဖိုးမင်း အနိုင်ရခဲ့သော မဲဆန္ဒနယ်လည်းဖြစ်သည်။

 

မဲဆွေစည်းရုံးရေးကို ပါတီအသီးသီးမှ ပြုလုပ်လျှက်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄ ဦးရှိကာ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးတို့ဖြစ်ကြောင်းလည်း သိရသည်။ 

 

Author: မိုးဇော်