ဓာတ်ပုံ- ရခိုင်အမျိုးသားပါတီ

စက်တင်ဘာ ၃၊ ခင်သရဖီဦး

ရသေ့တောင်မြို့နယ်တွင် နိုဝင်ဘာလ (၃)ရက်နေ့မှာ ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့်   ရခိုင်အမျိုးသားပါတီအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် စတင်လုပ်ဆောင်နေပြီဖြစ်သည်။  

အဆိုပါ မဲဆန္ဒနယ်မှာ ရသေ့တောင်ဒေသခံ ဦးမောင်လှမြင့်က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အနိုင်ရရှိရန် မျှော်မှန်ထားကြောင်း  ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်က ဦးသန်းနိုင်က ပြောသည်။

ကျနော်တို့အနေနဲ့  ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီရဲ့မူဝါဒကိုပြောပြပြီးတော့ စည်းရုံးဟောပြောသွားမယ်။ ပါတီရဲ့မူဝါဒလေးရပ်ကို ပြောပြပြီးတော့ လူထုကိုစည်းရုံးမှာပါ။ ရခိုင်အမျိုးသားပါတီက ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီဖြစ်တဲ့အတွက် ရခိုင်အမျိုးသားအကျိုးစီပွားရေး ဆောင်ရွက်ပြီး ပြည်သူဆန္ဒနဲ့ အညီဆောင်ရွက်မှာပါ”ဟု၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ရည်ရွယ်ချက်များမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသားအားလုံး၏ အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန်နှင့် ဒီမိုကရေစီစနစ်ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန် အချက်များပါဝင်သည်။

မဲဆွယ်စည်းရုံးရာတွင် ရခိုင်အမျိုးသားပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဦးခိုင်ပြည်စိုး ၊ ဒေါ်ခင်စောဝေ၊ ဦးတင်ညိုနှင့် ပါတီဝင်များက မဲဆွယ်စည်းရုံးလျက်ရှိသည်။

 ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တွင် လွတ်တော်အမတ် ဦးဖိုးမင်းကွယ်လွန်သွားသောကြောင့် ယင်းနေရာတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၎င်းနေရာတွင် တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်း၊ ရခိုင်အမျိုးသားပါတီ(ANP) မှ ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုးကရေစီအဖွဲ့ချုပ်(ALD)မှ ဦးသိန်းမောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ဦးခင်သန်းမောင်တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမောင်လှမြင့်အတွက် ရခိုင်အမျိုးသားပါတီသည် ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးရန် အချိန်ရသည်။