စိမ်းကိုကို၊DMG

စက်တင်ဘာ ၂၊ စစ်တွေ

 

လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ လစ်လပ်နေသော မဲဆန္ဒနယ်၌ ရခိုင်အမျိုးသားတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့ အဓိကပြိုင်ဆိုင် လာရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက သုံးသပ်ပြောဆိုသည်။

 

လက်ရှိအချိန်တွင် ကိုယ်စားလှယ်လောင်းအသီးသီးမှာ မဲဆွေစည်းရုံးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်လျှက်ရှိသော်လည်း တစ်ခြားပါတီများမှာ ရခိုင်အမျိုးသားပါတီထက် လူထုနှင့်ထိတွေ့မှုနည်းပါးခြင်းများ ရှိသည့် အတွက် ရခိုင်အမျိုးသားပါတီနှင့် ဒေါက်တာအေးမောင်၏သားဖြစ်သူ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ အဓိက ပြိုင်ဆိုင်လာရနိုင်ကြောင်းပြောသည်။

 

“ဒေါက်တာအေးမောင်သားနဲ့ ANP နဲ့အဓိကပြိုင်ရမယ်၊ ဒေါက်တာအေးမောင်သားကလည်း အဖေရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုတွေရှိတယ်။ နောက်ပြီး သူ့အဖေကလဲ ရသေ့တောင်ဇာတိဖြစ်တာတစ်ခုရှိတယ်။ သူရဲ့ အားနည်းချက်တစ်ခုကတော့ နိုင်ငံရေးကို စပြီးဝင်တာ ဖြစ်တဲ့အတွက် နိုင်ငံရေးရဲ့သဘောတရားတွေကို ဒေါက်တာအေးမောင်လောက် အင်အားကြီးနိုင်မှာလားဆိုတာ တစ်ခုပဲသုံးသပ်မိတယ်”ဟု ဒေါက်တာစန်းရွှေက သုံးသပ်သည်။

 

တစ်ဖက်တွင်လည်း ရခိုင်အမျိုးသားပါတီအနေဖြင့် အားသာမှုများရှိနေသော်လည်း ရွေးကောက်ပွဲ၏ သဘောသဘာဝ အရ အနီးကပ်တွင် ပြောင်းလဲမှုများရှိလာနိုင်ကြောင်းလည်း ဆိုသည်။

လက်ရှိ လစ်လပ်နေသော ရသေ့တောင်မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှာ ယခင်ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးဖိုးမင်း(ကွယ်လွန်) အနိုင်ရရှိခဲ့သော မဲဆန္ဒနယ် ဖြစ်ကြောင်းလည်း သိရသည်။