
(ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပနေသော ရခိုင်အမျိုးသားပါတီ၏ စီအီးစီအစည်းအဝေး။ ဓါတ်ပုံ - ဖဒူ ထွန်းအောင်)
မေလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂၁ ရာစုပင်လုံညီလာခံသို့ တက်၊ မတက် ယနေ့ (မေလ ၁၀) ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ စစ်တွေမြို့၊ ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုဌာနချုပ်ရုံးတွင် CEC များခေါ်ယူကာ တံခါးပိတ်ဆွေးနွေးလျက်ရှိသည်။
ယင်းအစည်းအဝေးတွင် ၂၀၁၇ ANP ပါတီညီလာခံကိစ္စ၊ ၂၀၁၇ ခုနှစ် အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ရံပုံငွေသုံးစွဲမှု ရှင်းလင်းရေး အချက်များကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မရရှိသေးကာ ယင်းဆွေးနွေးပွဲကို ကျင်းပခွင့်မရလျင် ရခိုင်လူမျိုးတို့၏ အသံကို ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းနိုင်မည် မဟုတ်သောကြောင့် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ၂၁ ရာစုပင်လုံညီလာခံကို မတက်သင့်တော့ကြောင့် မီဒီယာအချို့ကို ပြောဆိုထားသည်။
ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဖက်ကလည်း ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်နိုင်ရန် အတွက် ပါတီတွင်းသော်လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများနှင့် သော်လည်းကောင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ သော်လည်းကောင်း တိုင်ပင်ဆွေးနွေးရဦးမည်ဟု မေလ ၆ ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။





