(ရခိုင်အမျိုးသားပါတီ (Arakan National Party – ANP) ဥက္ကဌ ဒေါက်တာအေးမောင်။ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။   ။  NLD အစိုးရသစ်ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်မှတဆင့် ဖယ်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးဖြစ်လာနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဒေါက်တာအေးမောင်က ဆိုသည်။

ဒေါက်တာအေးမောင်က " ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီးမှ ကျွန်တော်တို့က မူတွေကို ဆွေးနွေးနေကြတယ်။ အတည်ပြုမယ် ငြိမ်းချမ်းရေးညီလာခံမှာ။ အဲဒီလိုအတည်ပြုမှု ရတိုင်းရတိုင်းမှာ ပြည်ထောင်စုလွှတ်တော်မှာ ထပ်အတည်ပြုမယ်။ အဲဒီလိုအတည်ပြုချက်တွေအားလုံးရပြီးတဲ့အခါမှာ  ပြီးပြည့်စုံတဲ့ဖွဲ့စည်းပုံတစ်ခု၊ တနည်းအားဖြင့် ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံတစ်ခုရလာမယ်လို့ မှတ်ပေးပါ။ အဲဒီလိုရလာတဲ့ မူဘောင်အတွင်းမှာ ခုနားက ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို ဘယ်လို့အခြေခံဥပဒေနဲ့ တည်ဆောက်မှာ လည်းဆိုတဲ့ ပုံစံနဲ့သွားမယ်ထင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွှန်ပြီးမှ စဉ်းစားဖို့လိုပါမယ်။ ခုပေးတဲ့ ရေးဆွဲခွင့်ရှိသည်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ကိုယ်လုံးမှာ အင်မတန်အနှစ်သာရရှိပါတယ်ဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ ဆွေးနွေးလို့ မပြီးသေးဘူး။ " ဟု DMG သို့ ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ မေလ ၁၂ ရက်နေ့က ပြုလုပ်သည့် ၁၀ ကြိမ်မြောက်အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ ဒေါ်အောင်ဆန်စုကြည်တက်ရာက်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သီးခြားကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ခွင့်ကို မူအားဖြင့် သဘောတူခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်နေသော AGIPP(Alliance for Gander Inclusion in Peace Process)မှ ဥက္ကဌ မိကွန်ချမ်းနွမ်းက "ကျွန်မတို့က ဥပဒေတွေ၊ မူဝါဒတွေချမှတ်ရမယ်ဆိုလို့ရှိရင်လည်း လက်ရှိတည်ဆဲ ဥပဒေနဲ့ကိုက်ညီ ရမယ်ဆိုတာရှိတယ်။ အဲဒါကြောင့် ကျွန်မတို့က ဖယ်ဒရယ်ပြည်ထောင်စုလို့ ပြောတဲ့အခါမှာ လက်ရှိတည်ဆဲဥပဒေ၊ လက်ရှိရှိနေတဲ့ဖွဲ့စည်းပုံနဲ့ သိပ်ပြီးမကိုက်ဘူးလို့တော့ ကျွန်မတို့ မြင်ပါတယ်။ခုရေးဆွဲမယ့် ပြည်နယ်ဖွဲ့စည်းပုံတွေဟာ လက်ရှိရှိနေတဲ့ဖွဲ့စည်းပုံနဲ့ ကိုက်ညီရမယ်လို့ပြောတဲ့အခါကျတော့ ပြည်နယ်ဖွဲ့စည်းပုံတွေဟာ ဘာအဓိပ္ပါယ်ရှိမလဲဆိုတာကတော့ ကျွန်မတို့လည်း မသိဘူးပေါ့။"ဟု DMGသို့ ပြောသည်။

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အထွေထွေအတွင်းရေးမှူးနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) အတွင်းရေးမှူးဖြစ်သူ ကိုထွန်းဇော်က “ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ သဟဇာတဖြစ်အောင် ညီမျှအောင်လုပ်ရမယ်။ ဒီမိုကရေစီဆိုရင် ဒီမိုကရေစီဆန်ဆန် ဖွဲ့စည်းပုံဖြစ်ရမယ်။ လက်ရှိတပ်မတော်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကတော့ ဘယ်ပြည်နယ်ဖွဲ့စည်းပုံပဲ ဆွဲဆွဲ၊ ဘယ်တိုင်းဒေသကြီး၊ ပြည်နယ်ဖွဲစည်းပုံပဲဆွဲဆွဲ ဖက်ဒရယ်ပုံစံ ဖြစ်လာဖို့ အကြောင်းမရှိဘူး။ ” ဟုပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) ကို ကျော်လွန်လုပ်ဆောင်နေကြောင်းနှင့် ဖက်ဒရယ်စနစ်ကိုပါ အလွန်အကျွံတောင်းဆို နေကြကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်းဗင်းရှင်းစင်တာတွင် ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလခံ  ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယခုကျင်းပပြုလုပ်နေသည့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးတွင် မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံရေးကဏ္ဍတွင် ခေါင်းစဉ်ကြီး ၆ ခုမှ အချက် ၂၁ ချက်၊စီးပွားရေးကဏ္ဍတွင် ခေါင်းစဉ်ကြီး ၇ ခုမှ ၁၀ ချက်၊ လူမှုရေးကဏ္ဍတွင် အချက် ၄ ချက်၊မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် အချက် ၆ ချက်၊ စုစုပေါင်း ၄၁ ချက်နှင့် လုံခြုံရေးကဏ္ဍတို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

Author: ကောင်းကောင်း