(ယနေ့ ကျင်းပပြီးစီးသွားခဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် အပိတ်ကျေးဇူးတင်စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဓါတ်ပုံ - ကောင်းကောင်း/DMG)

မေလ ၂၉၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG)။   ။ နှစ်ပေါင်း ၇၀ နီးပါး မပြေလည်သေးသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြန်ရှေ့ဆက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၉ ရက်၊ ယနေ့ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးအပိတ် ကျေးဇူးတင် စကားတွင် ထည့်သွင်းပြောကြား တိုက်တွန်းလိုက်သည်။

 

ဒေါ်အောင်ဆန်းစုကြည်က “ ငြိမ်းချမ်းရေးခရီးလမ်းမှာ ရှေ့ကိုမျှော် အနာဂတ်ကို အာရုံပြုလို့ သွက်သွက်လက်လက် ဆက်လက်လျှောက်လှမ်းကြဖို့” တိုက်တွန်းချင်ပါတယ်။ ပြည်ထောင်စုသဘော တူညီချက်ရဲ့အစိတ်အပိုင်းလို့ဆိုရမယ့် သဘောတူညီချက်တွေကို ဒီကနေ့ လက်မှတ်ရေးထိုးနိုင်တဲ့ ဖြစ်စဉ်ကို စဉ်းစားလိုက်ရင် အတွေးတွေ ဆက်ပေါ်လာပါတယ်။ ဒီပြည်တွင်းစစ်ကို ကျွန်မတို့ စတင်ခဲ့ကြတာ မဟုတ်ပေမဲ့လည်း အဆုံးသတ်နိုင်အောင် ကြိုးစားနေကြတာ ဘယ်သူတွေအတွက်လဲ။ ပြည်တွင်းစစ်မှာ အတိဒုက္ခရောက်နေကြရတဲ့၊ ကိုယ်ရောစိတ်ပါ လုံခြုံအေးချမ်းစွာနေချင်တဲ့ ပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားများရဲ့ စိတ်ချမ်းသာမှုအတွက် ရှေ့ကိုဆက်ပြီး လျှောက်လှမ်းကြရဦးမှာ ဖြစ်ပါတယ်။ " ဟု တိုက်တွန်းထားသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို မေလ ၂၄ ရက်နေ့မှ ၂၉  ရက်နေ့ထိ တစ်ရက်တိုးကာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(Myanmar International Convenction Center_MICC 2) တွင် ခြောက်ရက်ကြာကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် လုံခြုံရေးစသည့် ကဏ္ဍငါးခုကို ဆွေးနွေးခဲ့ကြသည်။

 

" အာဃာတတွေ၊ နာကျည်းချက်တွေ၊ အနာတရတွေကိုပဲ အာရုံထားနေမယ်ဆိုရင် ခြေထောက်မှာ သံလုံးဆွဲပြီး လမ်းလျှောက်တဲ့သူလို ဖြစ်နေမှာပါ။ ကျွန်မတို့ရဲ့ခြေလှမ်းတွေကို နှေးကွေးလေးလံယိုင်နဲစေမယ့် အဲဒီအာဃာတတရားတွေကို စွန့်ပစ်နိုင်မှသာ ကျွန်မတို့အနေနဲ့ သွက်သွက်လက်လက် အားမာန်အပြည့်နဲ့ ရှေ့ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ " ဟု သူမက ဆက်ပြောသည်။ 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီအစည်းအဝေးများ၏ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စာတမ်း ၆ စောင်၊ တပ်မတော်၏စာတမ်း ၁ စောင်၊ နိုင်ငံရေးပါတီအစုအဖွဲ့စာတမ်း ၁ စောင်၊ စုစုပေါင်း ၈ စောင်မှ ခေါင်းစဉ်များပြုလုပ်ကာ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည့် အချက်အလက်များထဲမှ ၃၇ ချက်အား သဘောတူခဲ့ကြကြောင်း သိရသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌဒေါက်တာအေးမောင်က " ကျွန်တော်တို့ အများကြီးမျှော်လင့်တယ်။ ကျွန်တော်တို့ အရင်ကလည်း ပြောပါတယ်။ ၂၁ ရာစုပင်လုံသည် ၂၀ ရာစုပင်လုံကို နင်းချေတာမျိုး မဖြစ်ဖို့။ ၂၀ ရာစု ပင်လုံရဲ့ ကတိက၀တ်တွေကို (စွဲကိုင်တဲ့) ၂၁ ရာစုပင်လုံ ညီလာခံဖြစ်ဖို့ ။နှစ်ပေါင်း ၇၀ ဆိုတဲ့ နောင်တတွေ၊ သင်္ခန်းစာတွေက လက်နက်ကိုင်ပဋိပက္ခဆိုတာ သေးသေးကြီးကြီး လူမျိုးနွယ်စုတစ်ခုရဲ့မကျေနပ်မှု၊ တော်လှန်မှုဆိုတာက အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ မျိုးနွယ်စု Generation By Generation သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ နှစ်ပေါင်း ၇၀ ကျော်ရှိပြီ ပြည်ထောင်စုနောင်တမရသေးဘူးလား။" ဟု မီဒီယာများသို့ ပြောသည်။

ယခုကျင်းပပြီးစီးသွားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍခေါင်းစဉ်( ၇ ) မူဝါဒအဆိုပြု ( ၂၀ ) မူဝါဒသဘောတူ ( ၁၂ ) ချက်၊ စီးပွားရေးကဏ္ဍခေါင်းစဉ် / အချက် ( ၈ ) မူဝါဒအဆိုပြု (၁၁) မူဝါဒ သဘောတူ ( ၁၁ )ချက်၊ လူမှုရေးကဏ္ဍအချက် ( ၄) မူဝါဒအဆိုပြု (၄)
မူဝါဒသဘောတူ ( ၄ )ချက်၊ မြေယာကဏ္ဍခေါင်းစဉ် / အချက် ( ၆ ) မူဝါဒအဆိုပြု ( ၁၀ ) မူဝါဒသဘောတူ ( ၁၀ ) ချက် စုစုပေါင်း မူဝါဒသဘောတူညီချက် ( ၃၇ ) ချက်တို့ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း
"နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ" စသည့်အချက် ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုမှု(ဖွဲ့စည်းပုံနှင့်အာဏာခွဲဝေမှု)နှင့်"  ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲခွင့် "ပါဝင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့်အချက်များအား ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း သိရသည်။

Author: ကောင်းကောင်း