
(ယနေ့ကျင်းပကြသော မြိုညီလာခံပွဲ။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကန်း)၊ DMG)
မေလ ၁၆ ရက်၊ ၂၀၁၇ နှစ်၊ ပုဏ္ဏားကျွန်း (DMG) ။ ။ မြိုလူမျိုးများသည် ရခိုင်ပြည်နယ်ရှိ ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာတွင် ယနေ့ပြုလုပ်ကျင်းပသည့် (၂) ကြိမ်မြောက်မြိုအမျိုးသားနေ့ပွဲတွင် ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သူ မြိုစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးဇနီဖြူက ပြောကြားခဲ့သည်။
“ မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ရှေးအကျဆုံးလူမျိုး တစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် စစ်တွေခေမာမဏ္ဍိုင် ဆရာတော်အပါအဝင် တခြား ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော အစရှိတဲ့ မြို့နယ်တွေက မြိုခေါင်းဆောင်တွေ ဆွေးနွေးပြီး အမျိုးသားနေ့လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ ” ဟု ၄င်းက ပြောသည်။
မြိုလူမျိုးများသည် တောတောင်များကိုမှီခိုကာ လုပ်ကိုင်နေထိုင်လာကြသောကြောင့် ယခုကဆုန်လတွင်ဆိုလျှင် ကောက်သစ်ပျိုးချိန်ဖြစ်ခြင်းသဖြင့် ယင်းအချိန်နှင့်ချိန်ကိုက်ပြီး ယခုကဲ့သို့အမျိုးသားနေ့ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ချင်းတိုင်းရင်းသားရေးရောဝန်ကြီး ဦးပုန်ဘွေ၊ ခမီအမျိုးသား စာပေနှင့်ယဉ်ကျေးမှုဥက္ကဌ ဦးလေကျော်အောင်၊ ရခိုင်သံဃာတော်များနှင့် မြို၊ ခမီ သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ်၂၀၀ ခန့်တက် ရောက်အားပေးခဲ့ကြသည်။
ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေက “ အခုလိုပွဲကို လာရောက်အားပေးတာက ဝန်ကြီးအစား လာတာပါ။ အခုလို တိုင်းရင်းသားမျိုးနွယ်စုတစ်ခုကို တိုးတက်အောင် ကူညီဖို့ အစီအစဉ်တွေလည်း ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ အမျိုးသားနေ့ပွဲများ ကျင်းပလာရခြင်းသည် စစ်အာဏာစနစ်မှာ လုပ်ကိုင်ခွင့်မရှိခဲ့သည့်အတွက် ပွင့်လင်းလာသည့် ယခုအချိန်တွင် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် တချို့သော ခမီလူမျိုးများမှာ နိုင်ငံရေးအမြတ် ထုတ်လိုသောကြောင့် ခမီလူမျိုးများသည် မြိုလူမျိုးများ ဖြစ်သည်ဟု အမည်ခံလာမှုများ ရှိကြသည်ဟု ဦးဇနီဖြူမှ ၄င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
လက်ရှိအခြေအနေတွင် မြိုလူမျိုးများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအဖက်ဖက်တွင် နိမ့်ကျလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးတွင်လည်း ဆက်သွယ်ရန် ခက်ခဲသောဒေသများတွင် နေထိုင်နေဆဲဖြစ်ကြောင်း သိရသည်။




