(မေလ ၁၄ ရက်နေ့က မြိုလူငယ်အဖွဲ့မှ ထုတ်ပြန်သော ထုတ်ပြန်ချက်စာစောင်။ ဓါတ်ပုံ - ဧကရာဇ်)

မေလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်တော် (DMG) ။      ။   နိုင်ငံရေးအရသော်လည်းကောင်း၊ အမျိုးသားရေးအရ သော်လည်းကောင်း လူနည်းစုဌာနေ တိုင်းရင်းသားများအပေါ် ညီအစ်ကို တိုင်းရင်းသားများ လွှမ်းမိုးမှုရှိနေသည်ကို အတိအလင်းကန့် ကွက်ရှုပ်ချကြောင်း မြိုလူငယ်အဖွဲ့မှ မေလ ၁၄ ရက်နေ့က သဘောထားထုတ်ပြန်ချက်စောင် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တောမြို့နယ်၊ လမ်းမတော်ကျေးရွာတွင် ပြုလုပ်သည့် မြိုလူငယ်များ၏ အနာဂတ်ကို ဖန်တီးဖော်ဆောင်နိုင်မည့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ မြိုလူငယ်ဖိုရမ်မှ ယင်းကဲ့သို့ သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

“ ကျနော်တို့ မြိုလူငယ်နဲ့ နိုင်ငံရေး၊ မြိုလူငယ်နဲ့ စီးပွားရေး၊ မြိုလူငယ်နဲ့ ယဉ်ကျေးမှုတွေမှာ တိုင်းရင်းသား အချင်းချင်းတွေကြားထဲမှာ ကျနော်တို့ တိုင်းရင်းသား မျိုးနွယ်စုငယ်တွေက တန်းတူအခွင့်အရေးတွေကို မရရှိလို့ ခုလိုတောင်းဆိုတာပါ။ ” ဟု မြိုလူငယ်များအသင်းမှ ဒုတိယ ညှိနှိုင်းရေးမှူးကို စည်သူစိုးကပြောသည်။

ယင်းထုတ်ပြန်ချက်တွင် မြိုတိုင်းရင်းသားလူမျိုးအား အခြားတိုင်းရင်းသားမျိုးနွယ်စုအဖြစ် နိုင်ငံတော်ပိုင် မီဒီယာမှ သော်လည်းကောင်း၊ ပုဂ္ဂလိကပိုင်မီဒီယာမှ သော်လည်းကောင်း၊ ဖော်ပြနေသည်ကို သက်ဆိုင်ရာ သတင်းမီဒီယာသမားများ သိစေရန်နှင့် ဌာနေတိုင်းရင်းသားများ၏ မူလဖြစ်တည်နေခြင်းကို မှားယွင်းစွာမဖော်ပြမိစေရန် သတိပြုစေလိုကြောင်း တောင်းဆိုထားပြီး မြိုလူမျိုးများအား ဘာသာစကား၊ ယဉ်ကျေးမှုတို့ မတူညီမှုအား အခြားတိုင်းရင်းသားများမှ ဆန့်ကျင်ခြင်း၊ ဖိအားပေးခြင်းများ မပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

ဆက်လက်ပြီး နယ်မြေ၊ လယ်ယာမြေပိုင်ဆိုင်ခွင့်၊ ဘိုးဘွားပိုင်မြေများ၊ ရပိုင်ခွင့်များ၊ စီမံပိုင်ခွင့်များ မဆုံးရှုံးစေရန်နှင့် ဗဟုယဉ်ကျေးမှုအသိုင်းအဝိုင်းကို သော်လည်းကောင်း၊ လူမျိုးစုံငြိမ်ချမ်းသော လူဘောင်ကို သော်လည်းကောင်း တည်ဆောက်ရန် မြိုလူငယ်များအဖွဲ့မှ လိုလားသည်ဟု တောင်းဆိုထားပြီး ရခိုင်ပြည်နယ်လုံခြုံရေးအတွက် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသား များနှင့်သော်လည်းကောင်း၊ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့နှင့်သော်လည်းကောင်း အတူတကွ ရပ်တည်ဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်းလည်း ထုတ်ပြန်တွင် ဖော်ပြထားသည်။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်