ဖဒူ ထွန်းအောင်၊DMG
နိုဝင်ဘာလ ၃၊စစ်တွေ
သားဖြစ်သူ ဦးတင်မောင်ဝင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် အနိုင်ရရှိသောကြောင့် နိုင်ငံရေးလောက က ထွက်ခွာရမည့် အကျပ်အတည်းမှ ဒေါက်တာအေးမောင် လွတ်မြောက်သွားသည်။
ဒေါက်တာအေးမောင်သည် ပြီးခဲ့သည့်ရုံးထုတ်တစ်ခုတွင် သူ့သားကို မဲမပေးလျှင် နိုင်ငံရေးလောက ထွက်ခွားသွားမည်ဟု လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့သည်။ယင်းနောက်ပိုင်း သားဖြစ်သူကို ဒေသခံများ ဝိုင်းရံမှုပိုများလာခြင်းဖြစ်သည်။
“ ရသေ့တောင်မှာ ကျွန်တော့သား တော်တော်အခြေနေကောင်းမယ်လို့ ထင်တယ်။ ကျွန်တော့ဇာတိမြို့ဖြစ်လို့ ကျွန်တော်ပြိုင်ခိုင်းထားတာ တကယ်တမ်း ကျွန်တော့သားကို ရသေ့တောင်ပြည်သူတွေက မဲမပေးခဲ့ဘူးဆိုရင် ရခိုင့်နိုင်ငံရေးလောကမှာ မနေတော့ဘူး။ ကျွန်တော့ကိုယ်စား မဲပြိုင်ဖို့ တာဝန်ပေးထားတာ”ဟု ဒေါက်တာ အေးမောင်က ပြောဆိုခဲ့သည်။
သားဖြစ်သူသာ ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့လျှင် ဒေါက်တာအေးမောင်အနေဖြင့် နိုင်ငံရေး လောကက ထွက်ခွာရမည့်အခြေအနေရှိခဲ့ပြီး မထွက်ခွာလျှင် သူရဲ့ နိုင်ငံရေးဂုဏ်သိက္ခကျဆင်းမည့် အခြေအနေသို့ ရောက်ရှိသွားမည်ဟု ရခိုင့်နိုင်ငံရေးလေ့လာသူများက ပြောသည်။
ဦးတင်မောင်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဦးသိန်းမောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးခင်သန်းမောင်တို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သူဖြစ်သည်။
လတ်တလောတွင် မဲရုံ ၈၁ ရုံ၏ ရလာဒ်ကိုသိရသေးသည်။ဦးတင်မောင်ဝင်း၏မဲရလာဒ်မှာ စုစုပေါင်း ၂၃၆၃၀ ဖြစ်ပြီး ဦးမောင်လှမြင့် မဲရလာဒ်မှာ ၃၁၄၆ ၊ဦးသိန်းမောင် မဲရလာဒ်မှာ ၅၅၄ နှင့် ဦးခင်သန်းမောင် မဲရလာဒ်မှာ ၈၉၂ တို့ဖြစ်ကြောင်း ဦးတင်မောင်ဝင်း အောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျောက်ဖြူအမတ် ဦးကျော်လွင်က လူမှုကွန်ရက်စာမျက်နှာတွင်ရေးထားသည်။




