(လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနိုင်းရေးလူငယ်အဖွဲ့မှ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြစဉ်။ ဓါတ်ပုံ - ဝေလင်း၊ DMG)

နိုဝင်ဘာ ၆ ရက်၊ ၂၀၁၇ ခုနှစ်။   ။   ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူညီ လိုအပ်နေသူများကို ကူညီနိုင်ရေး လာမည့် နိုဝင်ဘာလ ၉ ရက်နေ့က စတင်ပြီး  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနိုင်းရေးလူငယ်အဖွဲ့ မှ စေတနာ့ဝန်ထမ်းလူငယ်များနှင့် စတင်အကောင်ထည်ဖေါ် ဆောင်ရွက်မည်ဖြစ်သည်။

 

အဆိုပါ အစီအစဉ်မှာ  စေတနာ့ဝန်ထမ်းလူငယ်များက  ဘူးသီးတောင်၊ မောင်တောမြို့နယ်များကို သွားရောက်ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ၊ အချက်အလက်ကောက်ခံမှုများနှင့် ဓိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း အစီအစဉ်တွေပါဝင်မှာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောသည်။

 

“ ၉ ရက်နေ့ ဆိုတာက ရခိုင်မှာစမှာဖြစ်တယ်၊ ဒီဖက်မှာ မနက်ဖြန်ကစပြီးတော့ သင်တန်းစပေးမယ်၊ အဲဒီကိုလာမယ့် လူငယ်တွေကိုပေါ့၊ သင်တန်းသုံးရက်ပေးပြီးရင် စစ်တွေကိုလာမယ်၊ စစ်တွေကိုလာပြီးတော့ အသေးစိတ်ပေါ့၊ ဒေသအခြေအနေတွေ ဆွေးနွေးတာတွေ ပြင်ဆင်တာတွေလုပ်မယ်၊ ပြီးတော့မှ ဘူးသီးတောင်၊ မောင်တောကိုသွားမယ်၊ တစ်ဖွဲ့ လူငယ် ၂၀ နဲ့ ၃၀ ကြားပါမယ်။ ” ဟု ဒေါက်တာ အောင်သူရိန်က ပြောသည်။

 

ရခိုင်ပြည်နယ်သို့ လာရောက်မည့် စေတနာ့ဝန်ထမ်းလူငယ်များကို  ရက်ပေါင်း ၂၀ လျှင် တစ်ဖွဲ့နှုန်းဖြင့် စေလွှတ်ပေးသွားမှာဖြစ်သလို လတ်တလောအခြေအနေအရ အဖွဲ့သုံးဖွဲ့အထိ စေလွတ်နိုင်ရန် စီစဉ်ထားပြီး ဘူးသီးတောင်၊ မောင်တောဒေတွင်ရှိသည့် လူသားချင်းစာနာထောက်ထားမှုအကူညီလိုအပ်သူ တိုင်းကို အကူညီပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

“ လူ့အဖွဲ့စည်းက နှစ်ခုပဲပြောပြော ဘယ်လိုပဲပြောပြော အဲဒီမှာ လူသားချင်းစာမှုအကူညီလိုအပ်နေတဲ့ မိသားစုတိုင်းကို ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်တာပါ။ ” ဟုလည်း ဒေါက်တာအောင်သူရိန်က ပြောသည်။

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအဆိုင်ရာ အကူညီပေးနိုင်ရေးအတွက် လူငယ်တွေအနေဖြင့် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီကြဖို့လည်း အသိပေးထားကြောင်းသိရသည်။