ခင်သရဖီဦး/ DMG
မတ်လ ၁၅ ၊ စစ်တွေ
မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ခြင်း ကိစ္စနှင့်ပတ်သက်ပြီး အကျိုးအကြောင်းခိုင်လုံစွာဖြင့် တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှ မတ်လ ၁၃ ရက်နေ့က ညွှန်ကြားလိုက်သည်။
ညွှန်ကြားစာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ခြင်းနှင့် ပတ်သက်ပြီး တာဝန် ပြန်လည်ထမ်းဆောင်ကြောင်း တင်ပြစာနှင့် တာဝန်ထမ်းဆောင်လိုမှု မရှိပါကလည်း အကျိုးကြောင်းခိုင်လုံစွာဖြင့် မတ်လ ၁၅ ရက်နေ့၊ နေ့လည် ၃ နာရီတွင် တင်ပြရန်ပါရှိသည်။
သို့သော်လည်း တာဝန်ထမ်းဆောင်ရန်နှင့် တာဝန်ထမ်းဆောင်လိုမှု မရှိကြောင်းကို လတ်တလောတွင် မဆုံးဖြတ်ရသေးကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ မတ်လ ၁၅ ရက် နေ့တွင် အစည်းအဝေးပြုခဲ့ရာတွင် လူမစုံသောကြောင့် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြဟု ဝေသာလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်း က ပြောသည်။
“ကျနော်တို့က ပြောလို့မရသေးဘူး။ အခုအစည်းဝေးပြီးမှ လုပ်မယ်၊ မလုပ်ဘူးဆိုတာကို ဆုံးဖြတ်ရပါမယ်” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ နုတ်ထွက်စာတင်ခြင်းမှာ မလုံခြုံသောကြောင့် နုတ်ထွက်ခြင်းဖြစ်ပြီး လုံခြုံရေး အာမခံရှိမှသာ ပြန်လည် တာဝန်ထမ်းဆောင်ရန် အဆင်ပြေမည်ဟု ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ဆိုသည်။
“ကျနော်တို့ နုတ်ထွက်စာ တင်ကတည်းက လုံခြုံမှုမရှိတာကြောင့် နုတ်ထွက်စာတင်တာပါ။ တကယ်လို့ ခိုင်မာတဲ့ အကြောင်းပြချက်ပေးဆိုရင် အရင်အတိုင်းပဲ ပေးရမှာပေါ့။ ခိုင်မာတဲ့ အကြောင်းပြချက် တောင်းလို့ရှိရင်လည်း အခုတိုင်းပြည်မှာ ဖြစ်နေတာက ရွာတွေမှာကိုက ကိုယ့်ဟာကိုယ် မလုံခြုံဖြစ်နေကြတယ်။ အရပ်သားတွေကိုလည်း ရန်သူတွေလို့ သဘောထားတိုက်နေတာတွေက ပိုပြီးမလုံခြုံတာပေါ့” ဟု ၎င်းက ဆိုသည်။
မြောက်ဦးမြို့နယ်အတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦး ဖမ်းဆီးခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၈၉)ဦးခန့် မတ်လ ၁ ရက်နေ့က နုတ်ထွက်ရန် တင်ပြခဲ့ကြသည်။ ထို့အပြင် မြို့နယ်အချို့မှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို မတရားအသင်း ဆက်သွယ်မှုပုဒ်များဖြင့် ဖမ်းဆီးခံမှုများ ရှိနေသောကြောင့် နောင်အခါတွင်လည်း အလားတူဖမ်းဆီးမှုများ ရှိလာမည်ဟု ယူဆကြောင်း၊ လုံခြုံမှုမရှိခြင်း၊ ကာကွယ်ပေးမည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း (သို့) ဌာနများ မရှိခြင်းနှင့် ပစ်မှတ်ထားခံလာရခြင်း စသည့် အချက်များကို တွေ့ရှိရသည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်အား ဆက်လက်ထမ်းဆောင်ရန် ဆန္ဒ မရှိတော့ဟု နုတ်ထွက်စာတင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုသည်။
အလားတူ ကျေးရွာအုပ်ချုပ်ရေးမှူး (၁၁)ဦးမှာလည်း ပထမဆုံးနုတ်ထွက်စာတင်သူ (၈၉)ဦးကဲ့သို့ အကြောင်းပြချက်ပေးပြီး ထပ်မံ နုတ်ထွက်စာ တင်ပြခဲ့ကြသည်။ တပ်မတော်အရာရှိတစ်ဦးက တရားလို ပြုလုပ်တိုင်ကြားချက်အရ မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးနှင့် ဒေသခံ ကုန်သည်တစ်ဦးတို့အား မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)(၂) တို့ဖြင့် မြောက်ဦးမြို့ မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော် တရားလိုဘက်မှ လုံလောက်သော သက်သေခံ အထောက်အထား တင်ပြနိုင်ခြင်း မရှိ၍ ၎င်းတို့ကို ပြန်လွှတ်ပေးလိုက်သည်။




