
စက်တင်ဘာ ၆၊ စိမ်းကိုကို၊ DMG
ရခိုင်ပြည်နယ်သို့ရောက်လာကြသော နိုင်ငံတကာမှသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မိမိတို့အဖွဲ့အစည်းမှာ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး မီဒီယာများမှတဆင့် ဒေသခံများသိရှိစေရန် ဖြေကြားပေးသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Dan Chugg ကပြောသည်။
သံမတ်ကြီးသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ဗြိတိန်မှလုပ်ဆောင်ပေးနေသည့် အကူညီပေးရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အပိုင်းနှင့် ပတ်သက်ပြီး သွားရောက်လေ့လာခဲ့ပြီ စက်တင်ဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ်ရှိ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်လိုပဲ တစ်ခြားသံအမတ်ကြီးတွေ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ၊ ဦးဆောင်သူတွေအနေနဲ့ မီဒီယာကနေတဆင့် သူတို့နိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ရခိုင်ပြည်နယ်အတွင်း ဘာတွေလုပ်ဆောင်နေတယ်ဆိုတဲ့ မေးမြန်းတာတွေကို ဖြေကြားပေးသင့်တယ်လို့ ထင်တယ်။ အခုကျွန်တော်သွားခဲ့ရသလောက် ယူကေနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် အတွက် ဒေါ်လာ သန်း ၅၀ အသုံးပြုထားတာကိုပြောတော့ သူတို့တော်တော်များများ အံ့သြသင့်သွားကြတယ်၊ သူတို့အနေနဲ့ သိရှိမှု မရှိခဲ့ဘူး” ဟု သံအမတ်ကြီးကပြောသည်။
ဗြိတိန်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ချေးငွေလုပ်ငန်းများ၊ ပညာရေး ကျန်းမာရေး လုပ်ငန်းများကိုပါဆောင်ရွက်နေပြီး ယခုခရီးစဉ်တွင်လည်း လုပ်ငန်းများ အကောင်အထည်ဖေါ်နေမှုနှင့်ပတ်သက် ပြီး ပေါက်တောမြို့နယ်သို့သွားရောက်ခဲ့သလို၊ စစ်တွေပြည်သူ့ဆေးရုံးကြီးသို့လည်းကောင်းသွားရောက်ခဲ့ပြီး သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံကာ မောင်တောမြို့နယ်သို့ပါ သွားရောက်မည်ဖြစ်ကြောင်းလည်းသိရသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ဗြိတိန်အနေဖြင့် ဒေါ်လာသန်း ၅၀ အထိအသုံးပြုကာ ဆောင်ရွက်နေပြီး လူပေါင်း ၃၆၀၀၀၀ ခန့်အတွက် ချေးငွေလုပ်ငန်းများကိုပါ လုပ်ဆောင်နေကြောင်းလည်းသိရသည်။




