(တောင်ပြိုလက်ဝဲမြို့အနီးရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းတွင် နေထိုင်ကြသော စွန့်ခွာဘင်္ဂါလီများအား တွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)

မတ်လ ၁ ရက်၊ ၂၀၁၈ ခုနှစ်။   ။  ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် တောင်ပြိုလက်ဝဲမြို့အနီးရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းတွင် နေထိုင်ကြသော စွန့်ခွာဘင်္ဂါလီများ တစ်နေ့မှာ ၅၀၀ ဦးခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာနေကြောင်း လက်ခံရေးစခန်း လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

“ ဟုတ်ပါတယ်။ အခု နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ တရားမဝင်နေထိုင်နေတဲ့ လူတွေ မနက်ပိုင်းလောက်က ပြောင်းရွှေ့နေကြတာကို လှမ်းမြင်နေရတယ်။ ကျနော်တို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် မြန်မာ အခရိုင်အဆင့် (၂) နိုင်ငံအလံတင် အခမ်းအနားပြုလုပ်ပြီး ခေါင်းဆောင်တွေ နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ တရားမဝင် နေထိုင်နေတဲ့ ဘာလူခါလီ ဒုက္ခသည်စခန်းကို သွားရောက်တွေ့ပြီး နောက်ပိုင်းပေါ့လေ။ ၂၅ ရက်နေ့ကတည်းက စပြောင်းရွှေ့နေကြပါပြီး ဖေဖော်ဝါရီ ၂၈ ဆို ၄၀၀၀ ဦးလောက် ပြောင်းရွှေ့သွားပါပြီ။ ” ဟု ၄င်းဝန်ထမ်းက ပြောသည်။

ဘာလူခါလီ ဒုက္ခသည်စခန်းတွင် နောက်ထပ် ဘင်္ဂါလီဦးရေ ၁၅၀၀ ခန့် ကျန်ရှိနေကြောင်းသိရသည်။ မြန်မာနိုင်ငံသို့ ပြန်လာရေးနှင့် ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးတို့က အကြိမ်ကြိမ် သွားရောက်သွားတွေ့ဆုံ ညှိနှိုင်းသော်လည်း ယခုအချိန်ထိ ပြန်မလာကြောင်း၊ ၄င်းတို့တွင် တာဝန်ခံနိုင်သည့် ခေါင်းဆောင်များမရှိ၍ မြန်မာဘက်သို့ ပြန်မလာရန် သွေးထိုးလှုံ့ဆော်မှုများရှိနေကြောင်း သိရသည်။

ပြန်လာသော ဘင်္ဂါလီများကို လဝက၏ ဥပဒေအပါအဝင် နှစ်နိုင်ငံသဘောတူညီချက်များဖြင့် စိစစ်လက်ခံသွားမည်ဖြစ်ပြီး လက်ခံ၍ရနိုင်သော သူများကိုလည်း NVC ကတ်ပြား တစ်ခါတည်း ထုတ်ပေးသွားမည်ဟု လက်ခံရေးစခန်းမှ လဝက အရာရှိတစ်ဦးက ပြောသည်။

“ ပြန်လည်လက်ခံရေးကိစ္စကတော့ နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်ပါတယ်။ မောင်တောနယ်က ဘင်္ဂါလီကျေးရွာတိုင်းကို ဆွဲတင်စစ် စစ်ဆေးပြီး ထွက်ပြေးစာရင်း Data အားလုံးကို သက်ဆိုင်ရာ နယ်မြေအလိုက် နေပြည်တော်ကို ပို့ထားပါတယ်။ ဘင်္ဂလာက ပေးလာတဲ့ စာရင်းကို နေပြည်တော်က နေရပ်စွန့်ခွာစာရင်းထဲ ပါမပါ တိုက်ကြည့်ပါမယ်။ ပါတဲ့သူကိုသာ လက်ခံမှာဖြစ်တယ်လို့ ကြားသိထားပါတယ်။ ” ၄င်းအရာရှိက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မည့် ဒုက္ခသည် ၈၀၀ ကျော်စာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်နေပြီး ယင်းစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လည်ပေးပို့သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုထားသည်။

တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံ ရေးစခန်းနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌  လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့များ၊ မီးသတ်ဦးစီးဌာနစသည့်အဖွဲ့များက တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် ဇန်နဝါရီ ၂၃ ရက်မှစတင်၍ အသင့်အနေအထားအဖြစ် ရှိနေပြီဖြစ်ပြီး မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းကိုလည်းကောင်း၊ ရေလမ်းမှပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရ ယာယီလက်ခံရေး စခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းတို့ကို အသုံးပြု၍ စနစ်တကျ လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(တောင်ပြိုလက်ဝဲမြို့အနီးရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းတွင် နေထိုင်ကြသော စွန့်ခွာဘင်္ဂါလီများအား မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့မှ သွားရောက်တွေ့ဆုံစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)

Author: ချလူးအောင်