
အောင်ကောင်းဇော်၊ DMG
အောက်တိုဘာ ၄၊ မာန်အောင်
ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မင်းသွေး (ခ)နေမင်းအောင်ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန် ရေဝေးသုသာန်တွင် သင်္ဂြိုလ်မည်ဟု သူ၏ ဆွေမျိုးများက ပြောသည်။
မင်းသွေး (ခ)နေမင်းအောင်သည် အောက်တိုဘာလ ၃ ရက်နေ့၊ ညနေ ၁၁ နာရီကကျော်ခန့်တွင် အပေါင်းအသင်းများနှင့် ဘောလုံးကန်အပြီး အမောဖောက်လာသောကြောင့် ရန်ကုန်မြို့၊ ပါရမီ ဆေးရုံမှာ ဆေးကုသချိန် ကွယ်လွန်သွားခြင်းဖြစ်သည်။
"ဘောလုံးကန်နေရာကနေ အမောဖောက်သွားတော့ ပုဂ္ဂလိက ဆေးရုံ တစ်ခုမှာ အရေးပေါ်ကုသခဲ့ ပေမဲ့အသက် မမှီလိုက်တော့ပါဘူး "သူ၏ ဆွေမျိုးတစ်ဦးက ဆိုသည်။
မင်းသွေးသည် နာမည်ကျော် သရုပ်ဆောင် အကယ်ဒမီ နေတိုး၏ ညီဖြစ်ပြီး ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က ဖြစ်သည်။
မင်းသွေး ကွယ်လွန်သောကြောင့် သူ၏ ဇာတိမြေမာန်အောင်မြို့နယ်က ပရိတ်သတ်များ ကလည်း ပူဆွေးဝမ်းနည်းနေကြသည်။
"တကယ်စိတ်မကောင်းဘူး။ သူကမာန်အောင်မြို့အပေါ်မှာ အရမ်းကောင်းတယ်။ သူကွယ်လွန်တယ်ဆိုတဲ့ သတင်းတွေ ပြောနေကြလို့သာ ကြားနေရတာ။ လုံးဝကို မယုံဘူး ။ တကယ်ကို စိတ်မကောင်းဘူး။ မာန်အောင်အတွက် အကောင်းဆုံးလူတစ်ဦး ဆုံးရှုံး ရပြန်ပြီ ”ဟု မာန်အောင်ဒေသခံ မခင်ငြိမ်းငြိမ်းကျော်က ပြောသည်။
မင်းသွေးပါဝင်သရုပ်ဆောင်ထားသော “သတ်ကွင်း ”ရုပ်ရှင် ဇာတ်ကားနှင့် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကား များကို မကြာမီ ရုံတင်ပြသသွားမည်ဟု သိရသည်။




