ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၂၀ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူဆေးရုံတွင် အောက်တိုဘာ ၁၉ ရက် ညနေ့ပိုင်းက အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးနှင့် ယနေ့(အောက်တိုဘာ ၂၀ ရက်)နံနက်ပိုင်းက အသက်(၆၂)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။
ယနေ့အထိ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ပိုးတွေ့လူနာ သေဆုံးသူစုစုပေါင်း(၁၄)ဦးအထိ ရှိလာကြောင်းလည်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။
“မနေ့ကတစ်ယောက်နဲ့ ဒီနေ့မနက်က တစ်ယောက်သေဆုံးတယ်။ သေသွားတဲ့သူတွေထဲက အများစုမှာတော့ အခြားရောဂါအခံရှိကြပါတယ်။ သေသွားတဲ့အထဲမှာ စစ်ဆေးရုံ ကုတင်(၁၀၀)က တစ်ယောက်ပါတယ်” ဟု ဒေါက်တာစိုးဝင်းပိုင် က ပြောသည်။
စစ်တွေဆေးရုံ၌ သေဆုံးသွားသူများမှာ အထူးကြပ်မတ်ဆောင်တွင် အောက်ဆီဂျင်ပေးထားပြီး ဆေးကုသမှုခံယူနေရသူများဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် DMG သို့ ပြောသည်။
“နှစ်ယောက်သေသွားတာတော့ မှန်ပါတယ်။ သူတို့က အထူးကြပ်မတ်အဆောင်မှာ ဆေးကုသမှုခံယူနေတာ။ ရောဂါအခံ ရှိ၊ မရှိကိုတော့ ကျနော်တို့ စစ်ဆေးနေပါတယ်။ သေသွားတာကတော့ အောက်ဆီဂျင် ပေးထားရတဲ့သူတွေပါ” ဟု ၎င်းကရှင်းပြသည်။
လက်ရှိတွင် ကိုဗစ်ရောဂါဖြင့်သေဆုံးသူ (၁၄)ဦးမှာ ကျောက်တော် (၅)ဦး၊ ပေါက်တော (၁)ဦး၊ စစ်တွေ (၈)ဦးတို့ဖြစ်ပြီး ကျောက်တော်(၅)ဦးထဲမှ တစ်ဦးမှာ စစ်တွေဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်မာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၁၉ ရက်အထိ ကိုဗစ်ပိုးတွေ့လူနာ ၂၄၀၀ ကျော်အထိရှိပြီး ယင်းအထဲတွင် ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၉၂၀ ကျော်နှင့် ဆေးကုသမှုခံယူနေသူ ၄၆၀ ကျော်ရှိကြောင်း Rakhine Covid-19 Watch ၏ စာရင်းအရ သိရသည်။
စစ်တွေဆေးရုံကြီး၌ အောက်စီဂျင်ပေးကုသနေရသည့် ကိုဗစ်လူနာများအား ကိုဗစ်ရောဂါပိုး ပျောက်ကင်းသွားသူများ၏ သွေးရည်ကြည်ဖြင့် ကုသပေးသွားမည် ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က DMG ကို ပြောဆိုထားသည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန်အတွက် အပြင်ထွက်သူများကို အပြင် ထွက်ခွင့်ကတ်ပြားဖြင့် သွားလာခွင့်ပြုထားပြီး လိုက်နာမှုမရှိသူများကို အရေးယူမှုများ လုပ်ဆောင်လျက်ရှိသည်။
မြန်မာတစ်နိုင်ငံလုံးတွင် အောက်တိုဘာလ ၁၉ ရက်နေ့ ည ၈ နာရီအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ ၃၇၂၀၅ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၇၅၆၈ ရှိကာ သေဆုံးသူစုစုပေါင်းမှာ ၉၁၄ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန် -
- စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်မှုရှိနေ
- ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် လစဉ်ကာကွယ်ဆေးထိုးခြင်းကို ရပ်နားထား




