
ချလူးအောင် | DMG
ဇန်နဝါရီ ၂၅၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်(မွတ်ဆလင်)ကျေးရွာအတွင်းသို့ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၁ နာရီကျော် အချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိသွားကြောင်း မိသားစုဝင်များကပြောသည်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၁၆ နှစ်အရွယ်အမျိုးသမီး နိုရ်ဟာဘီသည် အခင်းဖြစ်ပွားသည့် နေရာမှာ သေဆုံးသွားခဲ့ပြီး အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး အိမ်မာဟာဘီမှာ ဆေးရုံသို့ ရောက်ပြီး မကြာမီတွင် သေဆုံးသွားသည်။
ယင်းအပြင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦးတို့မှာလည်း ဒဏ်ရာရရှိခဲ့သောကြောင့် ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရသည်။
“မနက် ၁ နာရီကျော်မှာလက်နက်ကြီးကျလာတယ်။ ကျမအိမ်က ၅ ဦးဒဏ်ရာရရှိပြီးတော့ ဘေးအိမ်က ၂ ဦး သေပြီး ၂ ဦးဒဏ်ရာရရှိသွားတယ်”ဟု ဒဏ်ရာရရှိသူတစ်ဦး၏ ဆွေမျိုး ခဇရာခါတူက ပြောသည်။
ကင်းတောင်ကျေးရွာမြောက်ဘက်မှာရှိသည့် မြန်မာ့တပ်မတော် ခမရ ၅၅၁ စစ်ကြောင်းမှ လက်နက်ကြီး ၃ လုံးပစ်ခတ်ရာမှာ ရွာအတွင်းကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်မှုရှိခဲ့သည်ဟု ဒဏ်ရာရရှိသူ၏ ဆွေမျိုးတစ်ဦးဖြစ်သူ နုရ်ဆာဘာက ဆိုသည်။
“ဒီနေ့မနက် ၁ နာရီခွဲမှာ နေအိမ်နှစ်အိမ်ကြားကို လက်နက်ကြီးလာကျတယ်။ တစ်ယောက်က တိုက်ရိုက်သေသွားတယ်။ နောက်တစ်ယောက်က ဆေးရုံကိုရောက်မှသေတယ်။ လက်နက်ကြီးက တပ်ကပစ်တာပါ” ဟု ၎င်းက ပြောသည်။
ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် ဖုန်ညိုလိပ်တံတားကို AA က ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်မှာ တံတား၏အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့် အကွာ နေရာနှစ်နေရာက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ရသည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ယင်းပစ်ခတ်မှုများအတွင် AA က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကင်းတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသားများ ထိခိုက်မှုရှိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ယင်းနေရာမှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ကြောင်း၊ တပ်မတော်၏ စွပ်စွဲချက်သာဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက်ကျေးရွာမှ ကျောင်းဆရာနှင့် ကျောင်းသားများ ရွာအနီးတောင်ပေါ်တွင် ထင်းရှာသွားစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၄ ဦးသေဆုံးပြီး ကျောင်းဆရာအပါအဝင် ကျောင်းသား ၆ ဦး ဒဏ်ရာရခဲ့သည်။
ရုပ်သံကြည့်ရှုရန် -




