မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ်လမှ တစ်ကျော့ပြန် ဖြစ်ပွားသည့် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူ၃၁ ဦးထိ ရှိလာသော်လည်း ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများကို ဒေသခံများက လိုက်နာမှု အားနည်းကြောင်း စစ်တွေမြို့ခံ ရပ်မိရပ်ဖများကဆိုသည်။

ယနေ့ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သေဆုံးသည့် ပိုးတွေ့လူနာမှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေရသည့် အသက် (၇၃)နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဖြစ်ပြီး ၄င်းမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း ပြည်နယ် ပြည် သူ့ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။

ယင်းအမျိုးသမီးတွင် သွေးတိုးရောဂါအခံရှိပြီး ကိုဗစ်အတည်ပြုလူနာဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်နေ့ က စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကာ အောက်ဆီဂျင်ပေးပြီး ဆေးကုသမှုခံယူခဲ့ရသူဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောသည်။

“ကိုဗစ်ကြောင့် သေဆုံးသွားတာဟာ ၃၁ ယောက်ထိ ရှိနေပြီဖြစ်တယ်။ ကိုဗစ်ကြောင့် သေဆုံးသူကတော့ ရခိုင်ပြည်နယ်မှာ ၁ ရာခိုင်နှုန်း မကျော်သေးပါဘူး”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိသည့် လူနာနှင့်သေဆုံးသူဦးရေ ပြန်လည်တိုးလာနေသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ ကလည်း အစိုးရအဖွဲ့နှင့်အ ရပ်ဖက်အဖွဲ့ အစည်းတို့ပူးပေါင်းကာ လူသွားလူလာများသည့် နေရာများတွင် Face Shield နှင့် နှာခေါင်းစည်း (Mask )တို့ကိုဖြန့်ဝေသည့် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြသည်။

ကိုဗစ် ၁၉ ရောဂါပိုးကြောင့် သေဆုံးသူ လူနာအရေအတွက် တိုးလာသော်လည်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းချက်များကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုထားသော်လည်း လိုက်နာမှုအားနည်းနေကြောင်း စစ်တွေ မြို့ရပ်မိရပ်ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန် ကပြောသည်။

“ပြည်သူတွေ အနေနဲ့ လည်းလိုက်နာဆောင်ရွက်မှုအားနည်းနေပါတယ်။ ကျနော်တို့လည်း မြင်တွေ့ နေရပါတယ်။ ဒါကြောင့် အစိုးရဖက်ကလည်း ပြည်သူတွေ လိုက်နာဆောင်ရွက်နိုင်ဖို့အတွက် တင်းကြပ်တဲ့စည်းကမ်းချက်တွေကို သိသိသာသာဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ နှာခေါင်းစည်းတို့ တပ်တယ်ဆိုတာဟာ ဒီရောဂါတစ်ခုတည်း ကာကွယ်ပေးတာ မဟုတ်ပါဘူး အခြားရောဂါပိုးတွေကို လည်းကာကွယ်ပေးပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ အထိ ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ၃၈၁၈ ဦး၊ ဆေးရုံးဆင်းသူ ၃၄၈၂ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၈နာရီထိ စာရင်းအရ ကိုဗစ် ၁၉ ပိုးတွေ့ လူနာစုစုပေါင်း အရေအတွက်မှာ တစ်သိန်းကျော်( ၁၀၀၀၄၃၁ ဦး) ရှိပြီး သေဆုံးသူ ၂၁၃၂ ဦးထိ ရှိနေကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

Author: Admin