ခိုင်ရိုးလ/ DMG
ဇူလိုင် ၂၀၊ စစ်တွေ
ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ရခိုင်ပြည်နယ်အတွင်းမြို့နယ် ၃ ခုနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲ ၄ နေရာထိဖြစ်ပွားခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားသောနေရာများမှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ အမ်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မြေပုံမြို့နယ် ထဲမှာ ဖြစ်တယ်။ မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ အမ်းမြို့နယ် မဲသံကြိုးကျေးရွာနားမှာ ထပ်ဖြစ်တယ်။ နောက်ပြီး ဘူသီးတောင်၊ ပလက်ဝစတဲ့ (၄) မြို့နယ်မှာ ဖြစ်တာပါ။ အခုအချိန်ထိ လောလောဆဲ ကျွန်တော်သိထားတာလေးမြို့နယ်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအသေးစိတ်ကိုတော့ အတိကျမသိရသေးပါဘူး” ဟု ဇူလိုင် ၁၉ ရက်နေ့တွင် ခိုင်သုခကပြောသည်။
ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာအနီးတွင် အမ်းမြို့နယ် မဲသံကြိုးကျေးရွာဘက်သို့ စစ်ကူလာသော တပ်မတော်သား အပြည့်စီးနင်းလိုက်ပါလာသည့် ရေယာဉ်ကြီးနှစ်စီးကို AA ဘက်မှ ကြားဖြတ် တိုက်ခိုက်ခဲကြောင်း ခိုင်သုခကဆိုသည်။
“၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မဲသံကြိုးရွာဘက်ကို စစ်ကူပို့ဖို့လာတဲ့ စစ်သားအပြည့်ပါလာတဲ့ ရေယာဉ်ကို ပစ်ခဲ့တာ။ ကျေးရွာကို လက်နက်ကြီးကျည်ဆံတွေ ကျတာကတော့ စစ်သားရေယာဉ်ကနေ စက်သေနတ်ကြီး၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့အခါ ကျတာပါ ” ဟု ခိုင်သုခက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ အနောက်ပိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။




