Photo - Teknaf todynews

ချလူးအောင် | DMG

သြဂုတ် ၂၉ ၊ မောင်တော

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အမှတ်(၁)ဝင်/ထွက်စခန်းအခြေစိုက် ဓညဝတီရေတပ်မှ ရေတပ်သား ၄ ဦးကို Speed Boat တစ်စီးနှင့်အတူ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ကျော်လွန်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့်အထဲတွင် အရာရှိတစ်ဦးနှင့် တပ်သား ၃ ဦးပါဝင်ပြီး Speed Boat မှာလည်း ဓညဝတီ ရေတပ်အပိုင်ဖြစ်ကြောင်း အမှတ်(၁)အဝင်၊ အထွက်စခန်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဖမ်းဆီးထားတာကတော့ သေချာသလောက်ရှိပါတယ်။ ဟိုဖက်နိုင်ငံကတော့ အကြောင်းကြားလာတာ မရှိသေးပါဘူး။ ရေပိုင်နက် အနည်းငယ်ကျော်သွားတဲ့အတွက် ထင်ပါတယ်။ ဒီကိစ္စကတော့ နှစ်နိုင်ငံ စကားပြောရမယ့်ကိစ္စ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် နတ်မြတ်တစ်လျှောက်တွင် သြဂုတ်လ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မှ လုံခြုံရေးဆောင်ရွက်နေစဉ် အဆိုပါ Speed Boat မှာ ရေပိုင်နက်ကျော်လွန်လာသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများတွင် ဖော်ပြထားသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ၎င်းကိစ္စအား ကြားသော်လည်း တပ်ပိုင်းဆိုင်ရာဖြစ်သဖြင့် သူ့အနေဖြင့် ပြောပိုင်ခွင့်မရှိဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်သည့် Teknaftodynews တွင် မြန်မာဘက်မှ လူ ၄ ဦးဖမ်းဆီးထားကြောင်းကို BGB တပ်ရင်း လက်ထောက်တပ်မှူးတစ်ဦးက အတည်ပြုပြောကြားထားပြီး ၎င်းတို့ကို စစ်ဆေး မေးမြန်းလျက်ရှိသည်ဟု ရေးသားဖော်ပြထားသည်။

ထိုသို့ ရေတပ်သား ၄ ဦးဖမ်းဆီးခံထားရသည့်ကိစ္စအား မောင်တောနယ်စပ်အဝင်/အထွက်စခန်းအခြေစိုက် ဓညဝတီရေတပ်စခန်းမှ ဗိုလ်မှူး ငြိမ်းချမ်းဦးကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းကိစ္စအား မပြောဆိုနိုင်သေးဟု ဆိုသည်။

Author: ချလူးအောင်