ခိုင်ရိုးလ | DMG
ဇူလိုင် ၁၅၊ စစ်တွေ
စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ တပ်ကြပ် ဝင်းထိုက်(ခေါ်) ဖိုးလုံးလုပ်ကြံခံရမှု နှင့် ပတ်သက်ပြီး အမှုရင်ဆိုင်နေရသော လူငယ်လေးဦးအနက် သုံးဦးကို စစ်တွေခရိုင်တရားရုံးက ဇူလိုင် ၁၅ ရက်နေ့က လွှတ်ပေးလိုက်ပြီး နောက်တစ်ဦးကို စွဲချက်တင်လိုက်သည်။
စစ်ဆေးခံနေရသူ လူငယ် ၄ ဦး ထဲမှ ကိုခိုင်ဘိုဘို၊ ကိုမေယုထွန်းနှင့် ကိုအောင်ချေတို့မှာ ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်ပေါက်သည့်အတွက် စစ်တွေခရိုင်တရားရုံးက စွဲချက်မတင်ပဲ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သူတို့အမှုကို လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
“စွဲချက်တင်ရန် အကြောင်းမရှိ၊ အမှုနဲ့ပတ်သက်လို့ မငြိစွန်းလို့ စစ်ဆေးထားပြီးသမျှ လိုပြသက်သေတွေရဲ့ ထွက်ချက်တွေအရပေါ့။ ဒါကြောင့်ပဲ ဥပဒေနဲ့ အညီစွဲချက်မတင်ပဲ လွှတ်တယ်။ သူတို့က ဖြေရှင်းဖို့အကြောင်း ဘာမှမရှိတော့တဲ့ အနေထားမှာ စွဲချက်မတင်ဘဲ လွှတ်လိုက်တာဖြစ်တယ်” ၎င်းက ဆိုသည်။
ကိုရဲဇော်ကို ရာဇသတ်ကြီးပုဒ်မ (၃၀၂)(၂) လူသတ်မှုဖြင့် စွဲချက်တင်ရန် ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ သို့သော် ဖိုးလုံး အသတ်ခံရသည့်နေ့က မိမိသည် ရန်ကုန်တွင်သာ ရှိနေသောကြောင့် တရားဥပဒေအတိုင်းဖြစ်လာမည်ကို ယုံကြည်နေကြောင်း ကိုရဲဇော်က ပြောသည်။
“၃၀၂ နဲ့ စွဲချက်တင်တယ်။ အရင်အမှုအတိုင်းပေါ့နော်။ အခုစွဲချက်တင်တာလည်း သက်သေသက်ခံဘာမှမရှိဘူး။ မှုခင်းအချိန်လည်း ကျွန်တော်က ရန်ကုန်မှာပဲ ရှိနေတယ်။ အခုဟာကလည်း သူတို့ဘက်က သက်သေသက်ခံစစ်ချင်သေးတဲ့ပုံစံပါ။ အဲဒါကြောင့်စွဲချက်တင်ခံရတာပါ ” ဟု ၎င်းက ဆိုသည်။
၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ကိုရဲဇော်အဖမ်းမခံရမီက ကိုခိုင်ဘိုဘို၊ကိုမေယုထွန်းနှင့် ကိုအောင်ချေတို့ကို ကနဦး ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာလတွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။သို့သော် ကို ရဲဇော်ကို ဖမ်းဆီးပြီးနောက် ၎င်းတို့လည်း ပြန်လည် ဖမ်းဆီးပြီး တရားစွဲဆို ခြင်းဖြစ်သည်။
ယခုအမှုတွင် စွပ်စွဲခံခဲ့ရပြီး ထောင်ထဲတွင်နေထိုင်ခဲ့ရမှုမှာ ဂုဏ်သိက္ခာ၊ အချိန်စ သည့်အခွင့်ရေးအရာအားလုံးဆုံးရှုံးသွားခဲ့ရကြောင်း ကိုမေယုထွန်း က ဆက်လက်ဆိုသည်။
“ကျွန်တော်တို့ ဘာမှမဟုတ်ပဲ စွပ်စွဲခံရပြီးတော့ ထောင်မှာ ၆ လကျော်နေခဲ့ရတယ်။ အဲဒီအချိန်ဟာ မနည်းဘူး။ နစ်နာတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ အချိန်တွေ အကုန်လုံးဆုံးရှုံးခံလိုက်ရတယ်” ဟု ၎င်းကပြောသည်။
ဖိုးလုံးသည် ပြီးခဲ့သည့် ၂၀၁၈ ခု၊စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့၊ ဝင်္ကဘာကွင်း ဈေးပွဲတော်အတွင်းမှာ အမည်မသိသူတစ်ဦး၏ သေနတ်ဖြင့် လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်က တရားလိုလုပ်ပြီး တိုင်တန်းခဲ့သည့်အတွက် အဆိုပါ လေးဦးကို လူသတ်မှု ပုဒ်မ ၃၀၂ ၊ပူးပေါင်း ကြံစည်မှု ပုဒ်မ ၃၄ ဖြင့် အမှု ဖွင့်ခဲ့သည်။




