- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
AA စစ်ဦးစီးချုပ်အပါအဝင် ထိပ်ပိုင်းလေးဦးကို ဖမ်းဝရမ်းအတည်မပြုနိုင်သေးသောကြောင့် လူ(၁၂)ဦးအမှုကို မစစ်ဆေးနိုင်သေး
လူ(၁၂)ဦးအမှုကို စစ်ဆေးရန်အတွက် ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးတွင် ရုံးချိန်းခဲ့သော်လည်း AA ထိပ်ပိုင်းခေါင်းဆောင်များကို သွားဖမ်းရန် ရဲအင်အား မလုံလောက်သည့်အတွက် ရဲဘက်က ဖမ်းဝရမ်းကို တရားရုံးသို့ တင်ပြနိုင်ခြင်းမရှိသေးဟု အကြောင်းပြခဲ့သောကြောင့် အမှုကို စစ်ဆေးနိုင်ခဲ့ခြင်း မရှိပေ။
19 Jul 2019

ခိုင်ရိုးလ | DMG
ဇူလိုင် ၁၉၊ စစ်တွေ
ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်လေးဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းအတည်မပြုနိုင်သေးသောကြောင့် သူတို့အမှုတွဲတွင်ပါဝင်နေသော လူ(၁၂)ဦးအမှုကို စတင်မစစ်ဆေးနိုင်သေးဟု သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က DMG ကို ပြောသည်။
လူ(၁၂)ဦးအမှုကို စစ်ဆေးရန်အတွက် ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးတွင် ရုံးချိန်းခဲ့သော်လည်း AA ထိပ်ပိုင်းခေါင်းဆောင်များကို သွားဖမ်းရန် ရဲအင်အား မလုံလောက်သည့်အတွက် ရဲဘက်က ဖမ်းဝရမ်းကို တရားရုံးသို့ တင်ပြနိုင်ခြင်းမရှိသေးဟု အကြောင်းပြခဲ့သောကြောင့် အမှုကို စစ်ဆေးနိုင်ခဲ့ခြင်း မရှိပေ။
“ ကျောင်းတောင်ရွာသား ၆ ယောက်အပါအဝင် ၁၂ ဦးတို့အမှုကို မစစ်ဆေးနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ တရားခံပြေးအမှုဆိုတာ ရှိနေတယ်။ အဲဒီအမှုမှာ ဝရမ်းအတည်ပြုရဦးမယ်။ ဒီနေ့တော့ ရဲက ဝရမ်းအတည်မပြုနိုင်သေးဘူး ဆိုပြီးတော့ တင်ပြတယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။
ထို့ကြောင့် အဆိုပါ ၁၂ ဦးကို နောက်ထပ် ၁၅ ရက်အထိ ရမန်ယူရန်အချိန်ပေးလိုက်ပြီး ယင်းကာလတွင် တရားခံပြေးအမှုနှင့်ပတ်သက်ပြီး ဝရမ်းအတည်ပြုနိုင်အောင် ရုံးကိုတင်ပြရန် တရားရုံးက ရဲတပ်ဖွဲ့ကို ညွှန်ကြားလိုက်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
၎င်းတို့အမှုကို လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် ထပ်မံရုံးချိန်းထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီးကျော်ဟန်၊ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် တခြား (၁၂)ဦးတို့ကို ၂၀၁၄ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုထားသည်။
တရားစွဲဆိုချက်ရန် တိုင်ကြားချက်တွင် အဆိုပါ (၁၂)ဦးကို အကြမ်းဖက်ရန် စေခိုင်းခြင်းသူများမှာ AA က ဖြစ်သည်ဟု ဆိုကာ AA ကိုလည်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းတို့ကို မြောက်ဦးမြို့မစခန်းမှူး ဒုရဲမှူး အောင်သူရက တရားလိုပြုလုပ်ပြီး မြောက်ဦးတရားရုံးတွင် တရားစွဲဆိုခဲ့ပြီး စစ်ဆေးရန် လုံခြုံရေးအားနည်းသည့်အတွက် စစ်တွေခရိုင်တရားရုံးကို စစ်ဆေးရန် ရုံးပြောင်းလျှောက်ခဲ့ခြင်းဖြစ်သည်။
တရားရင်ဆိုင်နေသူ ၁၂ ဦးမှာ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ ၆ ဦး၊ ချောင်းသစ်ကျေးရွာ မင်းပြားမြို့နယ် အိုင်ဝန်းကျေးရွာနှင့် စစ်တွေ စံပြရွာ၊ ကျောက်တန်းကျေးရွာများမှ ပါဝင်သည်။