ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထောက်ပံ့ငွေများကို ပေးအပ်နေစဉ်။(ဓာတ်ပုံ - Leader's facebook)

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ပြန့်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု သုံးသိန်းကျော်အတွက် တစ်မိသားစုလျင် ၄၀၀၀၀ကျပ်နှုန်းဖြင့် ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ထောက်ပံ့မှုကို ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ခြင်းဖြစ်ကြောင်းသိရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပိုးတွေ့လူနာ များပြားလာသည့်အတွက် ရောဂါပျံ့နှံ့မှု ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများကို (stay home)နေရန် သတ်မှတ်ထားသည်။

ယင်းကဲ့သို့ Stay Home သတ်မှတ်ထားခြင်းကြောင့် ပြည်သူများ အခက်အခဲဖြစ်နေချိန် ယင်းအခက်အခဲအား အဆင်ပြေစေရန် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကဆိုသည်။

“ပြည်သူတွေ အခက်အခဲကျနေချိန် တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ။ ဆင်းရဲနွမ်းပါးတယ်လို့ သတ်မှတ် ထားတဲ့သူတွေကို အစိုးရက ထောက်ပံ့ပေးတယ်ဆိုတာဟာ ကောင်းတဲ့အလုပ်ပါ။ ရခိုင်တပြည်နယ်လုံးမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ သူတွေပေါ့နော်။ မရှိဆင်းရဲသားတွေလို့ အစိုးရက သတ်မှတ်ထားတဲ့သူတွေကို ပေးတာပါ”ဟု ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်၌ အိမ်ထောင်စု ၁၂၀ အတွက် ကျပ်သိန်း ၄၈သိန်း၊ မင်းဂံရပ်ကွက် အိမ်ထောင်စု (၁၂၅၇ )စုအတွက် ကျပ် ၅၀,၂၈၀,၀၀၀ သိန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့Leader Facebook page တွင် ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်ရှိ အခြေခံအိမ်ထောင်စု (၃၀၃၀၆၃)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီများ ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများမှ ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

အစိုးရမှ ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် မိသားစုများထံသို့ အစိုးရမှ ထောက်ပံ့ပေးငွေအတိုင်း ရရှိချင်ကြောင်း မင်းဂံအကွက် (၁၀)ရပ်ကွက်မှ ဦးဇော်ဇော်ကပြောသည်။

“လက်ရှိအချိန်ထိတော့ မရသေးပါဘူး။ အရင်တုန်းကလည်း အစိုးရဆီက ထောက်ပံ့ငွေတွေကို အပြည့်အစုံ မရကြဘူး။ ဆိုတော့ အခုအကြိမ်မှာတော့ အပြည့်အစုံ ရချင်ပါတယ်။ မရှိဆင်းရဲသားတွေအနေနဲ့ ၄၀၀၀၀ ဆိုတာဟာ ၂ ပတ်စာလောက် ရှိပါတယ်” ဟု ၄င်းကဆိုသည်။

ကိုဗစ်ကာလမှာ ရခိုင်ပြည်နယ်အတွင်း အခြေခံလူတန်းစားများမှာ အပြင်သွားလာခွင့် ကန့်သတ်ထားခြင်း၊ ဒေသန္တရအမိန့် ထုတ်ပြန်ထားခြင်းတို့ကြောင့်  စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

အစိုးရက ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ ပုံမှန်ဝင်ငွေမရှိသည့် မိသားစုများအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်ကို ဇူလိုင်လ၊ သြဂုတ်လ နှင့် စက်တင်ဘာလတို့တွင် သုံးကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း ထောက်ပံ့ငွေ အပြည့်အဝမရခြင်း၊ လုံးဝမရခြင်းတို့ကြောင့် မြို့နယ်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများအကြား အငြင်းပွားမှုများ ရှိခဲ့ကြောင်းသိရသည်။

Author: Admin