
နှင်းနွယ် | DMG
နိုဝင်ဘာ ၁၈ ၊ စစ်တွေ
နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ သမိုင်းဝင်ဘုရား တည်ရှိရာ ဘဲငါးရာတောင်တက်ပွဲကို ဒေသမတည်ငြိမ်မှုများကြောင့် ယခုနှစ်တွင်လည်း ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ပွဲကျင်းပရေးကော်မတီများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်စစ်ရေးပဋိပက္ခအခြေအနေများနှင့် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါကြောင့် အဆိုပါ တောင်တက်ပွဲတော်ကို ယခင်နှစ်များကဲ့သို့ မကျင်းပြနိုင်ခြင်းဖြစ်ကြောင်း ယိုးတရုတ်ကျေးရွာမှ ဂေါပကအဖွဲ့ ဥက္ကဌ ဦးဘဌေးက ပြောသည်။
“နယ်မြေဒေသ မတည်ငြိမ်တော့ ပွဲတွေချပြီး ဆူဆူညံညံမလုပ်ချင်တာကြောင့်ရယ်၊ ပြီးတော့ ကိုဗစ်ရောဂါကြောင့် လူစုလူဝေး မဖြစ်စေချင်တာကြောင့်ရယ်ပေါ့။ ဒါကြောင့် ကျနော်တို့ ဂေါပကအဖွဲ့ဝင်တွေက သွားပြီးတော့ ဘုရားမှာ ပရိတ်တရားနာတာတွေလောက်ပဲ သွားလုပ်ဖြစ်မယ်’’ဟု ၄င်းကပြောသည်။
ဘဲငါးရာတောင်ပွဲတော်ကို ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်၊ တောင်နားကျေးရွာစသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း(၁၇)ရွာမှ ဒေသခံများစုပေါင်းကာ နှစ်စဉ်ကျင်းပခြင်းနေခြင်းဖြစ်သည်။
ယခုနှစ်တွင် ဒေသမတည်ငြိမ်မှုကြောင့် တောင်တက်ပွဲကျင်းပခြင်းမရှိသော်လည်း အဆိုပါကျေးရွာမှ ဒေသခံများ မှာ နှစ်စဉ်နှစ်တိုင်း သွားရောက်ခြင်းနေခြင်းဖြစ်သဖြင့် ပွဲတော်ကျရောက်သည့်နေ့တွင် တောင်ပေါ်သို့ သွားကြမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယိုးတရုတ်ကျေးရွာမှ မခင်သန်းနုက “ပွဲချသည်ဖြစ်စေ။ မချသည်ဖြစ်စေ။ လပြည့်နေ့ဆို ပုံမှန်တက်နေကြဆိုတော့ ဓလေ့တစ်ခုလိုဖြစ်နေပြီ။ မနှစ်ကတော့ လူတွေသိပ်မသွားဖြစ်လိုက်ကြဘူး။ မိဘတွေက မိုင်းတွေဘာတွေကို စိုးရိမ်ပြီးမလွှတ်ကြတော့ သွားတဲ့သူသွားကြတယ်။ ကျန်တဲ့သူ ကျန်ခဲ့ကြတယ်။ ဒါပေမယ့် ဒီနှစ်တော့ မနှစ်ကလိုမျိုး အခြေအနေအရမ်းကြီး မဆိုးရွားတဲ့အတွက် ရွာကလူငယ်ပိုင်းတွေ သွားဖို့တော့ရှိပါတယ်” ဟုပြောသည်။

သမိုင်းဝင် ဘဲငါးရာတောင်တက်ပွဲတော်ကို ရခိုင်ပြည်နယ်အနှံ့အပြားမှ ဘုရားဖူးများသာမက ပြည်ပကခရီး သွားလေ့လာသူများပါ လာရောက်ကြကြောင်းလည်း သိရသည်။
ယခင် ဒေသတည်ငြိမ်စဉ်က အဆိုပါဘုရားပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဒေသခံသောင်းနဲ့ချီ လာရောက်လည် ပတ်ကြသော်လည်း ၂၀၁၉ ခုနှစ်က ကျင်းပရာတွင် ဒေသမတည်ငြိမ်မှုကြောင့် လူဦးရေ (၅၀၀)နီးပါးခန့်သာ ရောက်ရှိခဲ့ကြောင်းလည်း ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။
ထိုသို့ လာရောက်သူနည်းပါးသည့်အတွက် ဘုရားစေတီပြုပြင်ရေးအတွက် အလှူငွေရရှိမှုနည်းပါးကာ ပွဲကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ရာတွင်လည်း အခက်အခဲများရှိလာကြောင်း ဂေါပကဥက္ကဌ ဦးဘဌေးက ဆက်လက်ရှင်းပြသည်။
“ပွဲချတုန်းကဆိုရင် အလှူခံဖြတ်ပိုင်းတွေ၊ ကံစမ်းမဲဖြတ်ပိုင်းတွေနဲ့ မဲဖောက်ပြီးတော့ ရန်ပုံငွေရှာတယ်။ ရလာတဲ့ရန်ပုံငွေနဲ့ပဲ တောလမ်းရှင်းတာတွေ၊ နောက်နှစ်ပွဲချဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ရတယ်။ မနှစ်ကဆို ရန်ပုံငွေသိပ်မရလိုက်တော့ ဒီနှစ်တောရှင်းတာရော၊ ဘုရားဝေယျာဝစ္စတွေကိုရော ကိုယ်ထူကိုယ်ထ ငွေကောက်ပြီးတော့ လုပ်ရတယ်’’ ဟု ၄င်းကဆိုသည်။
ဘဲငါးရာတောင်ဘုရားမှာ ပုဏ္ဏားကျွန်းမြို့၏မြောက်ဘက် (၁၇)မိုင်အကွာ၊ရန်ကုန်-စစ်တွေကားလမ်း၏ အနောက် ဘက် ၁ မိုင်ကျော်အကွာတွင်တည်ရှိပြီး ဘုရားရှင်၏ ဓာတ်မွေတော် ဌာပနာများဖြင့် တည်ထားတော်မူသည့် သမိုင်းဝင်စေတီတစ်ဆူလည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။




