
မျိုးသီရိကျော် | DMG
အောက်တိုဘာ ၆ ၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာ၌ မိးရှို့ခံရသည့်နေအိမ်များ အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း ၅၀ တန်ဖိုးရှိသည့် နေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ် နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ နေအိမ်များအား ဆောက်လုပ်ရန် တင်ဒါစနစ်ဖြင့် ဆောက်လုပ်ခွင့်ပေးမည်ဖြစ်၍ မည်သည့်အချိန်မှာ စတင်မည်ကို မသိရသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
“ပြည်သူတွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့အတွက် ဒီပြည်သူတွေရဲ့လိုအပ်ချက်ကို အစိုးရကဖြည့်ဆည်းပေးရမှာ၊ ပြည့်ပြည့်စုံစုံမဟုတ်ရင်တောင်မှ တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာ။ အခုလို မီးလောင်ဆုံးရှုံးသွားတယ် ဆိုတာလည်း စိတ်မကောင်းဖွယ်ရာတစ်ခုပါ၊ ဒါကြောင့် အခုလိုမျိုး ထပ်မဖြစ်အောင် စစ်ပွဲတွေလည်း ရပ်ပေးဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်၌ နေအိမ်မီးရှို့ခံရသည့် မိသားစုများသည် ၎င်းတို့၏ခြံဝန်းအတွင်း ယာယီတဲတန်းလျားများ ဆောက်လုပ်ကာနေထိုင်ရ၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောက်လုပ်ပေးစေလိုကြောင်း ဘုရားပေါင်း ကျေးရွာသား ဦးသာကြီးကပြောသည်။
ထို့ပြင် အစိုးရအနေဖြင့် သိန်း ၅၀ တန်ဖိုးရှိသည့် နေအိမ်များဆောက်လုပ်ပေးမည်ဆိုပါက အချို့တိုက်အိမ် များ၏ ဆုံးရှုံးမှုတန်ဖိုးနှင့် ညီမျှမှုမရှိကြောင်း ဘုရားပေါင်းကျေးရွာမှ ဦးသာထွန်းလှက ပြောသည်။
“တချို့တိုက်အိမ်တွေအတွက်တော့ ဆုံးရှုံးသွားတာနဲ့ ရလာတာနဲ့ ညီမျှမှုမရှိဘူးပေါ့နော်။ ဒါပေမယ့်အခုလို ထောက်ပံ့ပေးတာကိုပဲ ဝမ်းသာပါတယ်” ဟု ၎င်းကပြောသည်။
ဘုရာပေါင်းကျေးရွာတွင် အိမ်ထောင်စု ၂၄၀ နှင့် တောင်ပေါက်ကျေးရွာတွင် အိမ်ထောင်စု ၂၃၀ ခန့်ရှိပြီး လက်ရှိတွင် မိမိကျေးရွာသို့ ရောက်ရှိနေသူများရှိသလို တခြား စစ်ဘေးရှောင်စခန်းများတွင်လည်း ခိုလှုံလျှက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဘုရားပေါင်းကျေးရွာ အတွင်းသို့ ဝင်ရောက်လာကာ ဒေသခံများကို နေအိမ်အတွင်းမှ ဖမ်းဆီခေါ်ဆောင်သွားပြီး ည ၉ နာရီခွဲ အချိန်တွင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ်များကိုမီးရှို့ခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုကြပြီး တပ်မတော်က မိမိတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။




