DMG သတင်းအဖွဲ့
ဇူလိုင် ၁၀၊ စစ်တွေ
ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီအရင်းဖြစ်သူ ကိုအောင်မြကျော်နှင့် ရခိုင်အသင်း(စင်္ကာပူ)၏ ခေါင်းဆောင် (၅)ဦးတို့ စင်္ကာပူနိုင်ငံတွင် ဖမ်းဆီးခံလိုက်ရသည်ဟု ယင်းနိုင်ငံရှိ ရခိုင် အသိုင်းအဝိုင်းများထံက သိရသည်။
ဖမ်းဆီးခံရသူများမှာ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး ၊ အသင်းဥက္ကဌ ကိုဟိန်းဇော်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသားလေး(ခ) ရဲကျော်ထက်၊ မေကြီး(ခ)အေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ဖြစ်သည်။ ကိုအောင်မြတ်ကျော်နှင့် ကိုထွန်းအေးတို့ကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တခြားသူများကို ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့၊နံနက်ပိုင်းတွင် စင်္ကာပူ CID၊ လဝကနှင့် ရဲများက ၄င်းတို့၏နေအိမ်အသီးသီးကို ရှောင်တခွင် ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်သွားခြင်းကို မသိရှိရသေးပေ။ထိုသို့ အကြောင်းပြချက် တစ်စုံ တစ်ရာမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ စံချိန်စံနှုန်းများကို ချိုးဖောက်ရာ ရောက်သည်ဟု စင်ကာပူရခိုင်အသိုင်းအဝိုင်းက ဝေဖန်ကြသည်။
“ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ အခုလိုဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဥပဒေမဲ့ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းတွေကို ချိုးဖောက်ရာကျပါတယ်။ နောက်ထပ် ဘယ်သူတွေကို ဖမ်းဆီးမလဲဆိုတာကိုလည်း ကျွန်တော်တို့ စိုးရိမ်နေရပါတယ်” ဟု အမည် မဖော်လိုသည့် အသင်းဝင်တစ်ဦးက DMG ကို ပြောသည်။
ထိုသို့ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းရှိ ၄င်းတို့၏ မိသားစုဝင်များက ဖမ်းဆီးခံ ရသူများ၏ သားသမီး၊ နှင့် ဆွေမျိုးများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
ရက္ခိုင့်တပ်တော်(AA) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်း အောင်၊ဗိုလ်မှူးကြီး ကျော်ဟန်နှင့်ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကိုလည်း မြောက်ဦးမြို့နယ် စခန်းမှူး ဒုရဲမှူး အောင်သူရက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့် တရားစွဲဆိုထားသည်။
ထိုသို့ AA ခေါင်းဆောင်များကို တရားစွဲဆိုခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်ပြားသွား နိုင်သည်ဟု AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
ပဏာမအပစ်အခတ်ရပ်စဲရေး (Bilateral)စာချုပ်ချုပ်ဆိုနိုင်ရေး အစိုးရနှင့် AA အပါအဝင် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြသည်။သို့သော် အစိုးရ အာဏာသက်ရောက်သည့် ဒေသများတွင် ဆွေးနွေးမည်ဆိုလျှင် AA အနေဖြင့် လုံခြုံရေး စိတ်ပူနေမှုကြောင့် နေရာညှိနှိုင်းရန် အခက်အခဲဖြစ်ခဲ့ကြသည်။ သို့သော် တပ်မတော်က သူတို့၏ လုံခြုံရေးကို အာမခံကြောင်း ပြီးခဲ့သည့် မေလအတွင်းက ပြောဆိုထားသည်။
AA ခေါင်းဆောင်များ တရားစွဲခံထားရမှုကို ယခုလအတွင်းတွင်သာ ပြည်သူများသိရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တရားစွဲခံမှုအခြေအနေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်ပြီး အစိုးရဘက်က အဆိုပြုသည့် နေရာများကို မသွားနိုင်ခြင်းဟု ခိုင်သုခက DMG ကိုယနေ့ ပြောသည်။
ထို့အပြင် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ၏ ယောက်ဖဖြစ်သူ ဦးမောင်ဖြူသန်းဆိုသူကို လည်း အမ်းမြို့နယ်၊အောင်သပြေ(ခေါ်)ဓာတ်တော်ကျေးရွာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။သူနှင့်အတူ ဒေသခံ (၂) ဦးလည်း ဖမ်းဆီးခံလိုက်ရသည်။
တပ်မတော်၏ အဆိုအရ ၎င်းတို့ကို ဖမ်းဆီးရခြင်းမှာ ယင်းရွာအနီး တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသဖြင့် သံသယဖြင့် ခေါ်ယူစစ်ဆေးနေခြင်းဟု ဆိုသည်။
၎င်းတို့သည် မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း၊မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မပြု လုပ်သည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိနေပြီဟု AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။
ရခိုင်ပြည်နယ်က ကျေးရွာအချို့ကို AA နှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် တပ်မတော်က ဝင်ရောက် စစ်ဆေးမှုများရှိနေပြီး မိုင်းဖောက်ခွဲမှု သံသယဖြင့်၊ AA တပ်ဖွဲ့ဝင်ဟု သံသယများဖြင့်လည်း ဒေသခံများ ဖမ်းဆီးခံရမှုများရှိနေသည်။




