မောင်တောမြို့နယ်၌ ကိုဗစ်ပိုးတွေ့လူနာသစ် ၁ ဦးတွေ့ရှိပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသား ၄ ဦးသည် တရားမဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက်လာကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ COVID-19 ပိုးတွေ့ရှိသူ၏ဆေးစစ်ချက်တွင် ပထမအကြိမ် ပိုးမတွေ့ခဲ့သော်လည်း ဒုတိယအကြိမ်ဆေးစစ်ချက်အဖြေတွင် ပိုးပြန်လည်တွေ့ရှိရကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့မှ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်တချို့ ပူးပေါင်းကာ နေအိမ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် ကျန်ကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိ ကျောင်းများတွင် COVID-19 ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၆ ပေအကွာမှ သင်ကြားနိုင်ရန် စာသင်ခန်း အလုံအလောက်မရှိခြင်းနှင့် အဆောင်ဆောက်လုပ်ရန်လည်း ညွှန်ကြားထားခြင်း မရှိသောကြောင့် စာသင်ချိန်များကို ခွဲပြီးသင်ကြားသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကိုဗစ်-၁၉ ပို့တွေ့လူနာအမှတ် ၂၃၄ နှင့် ထိတွေ့ခဲ့သူများအား Facility Quarantine ထားရှိရန် အစီအစဉ်မရှိသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက DMG သို့ ပြောသည်။