ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်သို့ပို့မည့် WHO ကား ပစ်ခတ်ခံရမှု ရှိခဲ့သောကြောင့် ယင်းကားတွင်ပါလာသည့် နမူနာများကို လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် လေယာဉ်ဖြင့်ပို့ရန် စီစဉ်နေသည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် မွတ်ဆလင်(၈၀၀)ဦးကို ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ က ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့ကာ မြို့နယ်သုံးမြို့နယ်ခန့်ကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)၏ ကားတစ်စီး ပစ်ခတ်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၈ ဦးကို တပ်မတော်မှ ဧပြီလ ၂၀ ရက်နေ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၃၃ ဦးသာ ပြန်လွှတ် ပေးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်-မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပို့ပြီးပြန်လာသည့် စက်လှေမောင်းသူ ၃ ဦးကို မောင်တောမြို့ အ.ထ.က(၂)ကျောင်းတွင် Facility Quarantine အဖြစ် ၂၁ ရက် စောင့်ကြည့်ထားကြောင်း သိရသည်။