ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနှင့် ချောင်းနက်(ချင်း)ကျေးရွာတို့တွင် မတ်လ ၃၀ ရက်နေ့၊ ညနေ ၄ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မတ်လ ၃၀ ရက်နေ့က ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် ဆန်၊ဆီ၊ဆားများ ပြတ်လပ်နေသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည်ဟု စခန်းတာဝန်ခံ အရှင်သဘာဝနဒီက မိန့်ကြားသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် မတ်လ (၂၉)ရက်နေ့၊ ညနေ (၁၀)နာရီခန့်က နေအိမ်(၁၁)ဆောင် မီးလောင်ကျွမ်းသွားပြီး ရွာသား (၂)ဦးသေဆုံးသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှ ပြန်လည်ရောက်လာသူများကို မြောက်ဦးမြို့နယ်ရှိ ကျေးရွာတစ်ချို့၌ ရွာပြင်တွင် (၁၄)ရက် စောင့်ကြည့်ထားကြောင်း ဒေသခံများထံက သိရသည်။