ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်စစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၄၀၂၂)ဦးရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။ 

တပ်မတော် ဗိုလ်ကြီးအဆင့်ရှိသူများ၊ တပ်ရင်းမှူးအဆင့်ရှိသူနှင့် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံး စုစုပေါင်း(၃၀) ဦးခန့်ကို ဖမ်းဆီးရမိထားသည်ဟု ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အာကာတောင်(မွတ်ဆလင်ကျေးရွာ)အနီးတွင် မတ်လ ၁၀ ရက်၊ ညနေ ၄ နာရီခန့်က မိုင်းနင်းမိသောကြောင့် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အောင်သာယာကျေးရွာကို ယမန်နေ့ မတ်လ ၁၀ ရက်နေ့၊ ညနေ (၄) နာရီကျော်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့နယ်၊ မီးဝဗျူဟာကုန်းအနီး တိုက်ပွဲတွင် ခမရ(၇)၏ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံးစုစုပေါင်း(၂၀) ဦးခန့်အား လက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။