ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့က ပညာရေးဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင်များထံက သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦးနှင့်ပတ်သက်ပြီး သတင်းအစအန မကြားသိရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။

လက်ရှိဖြစ်ပေါ်နေသော ရခိုင်နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)က စီစဉ်ခဲ့သော်လည်း ရခိုင့်ဦးဆောင်ပါတီ(AFP)မတက်ရောက် သောကြောင့် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာအုပ်စု၊ မုန့်သန်းပြင်ကျေးရွာအနီးတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံ ၃၀၀ ကျော်မှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံနှင့် ရိုက်တာ သတင်းဌာနကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသည့် ကာယကံရှင်ဖြစ်သူ ဦးမောင်ကျော်ဇံထံမှ သိရသည်။