ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးတွင် ယနေ့မတ်လ(၉)ရက်နေ့၊ညနေ (၅)နာရီခန့်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား(၇)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၀)ဆောင်ခန့် မီးလောင်သွားသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောင်းဘွေတံတားအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးတစ်လုံး (မွတ်ဆလင်)ကျေးရွာအတွင်း လက်နက်ငယ်ကျည်များ ကျရောက်ကာ အသက်(၅)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် (၃)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်အတွင်း ပြည်သူများလက်ရှိကြုံတွေ့နေရသည့် ကိစ္စရပ်များကို သံဃာတော်များအပါအဝင် ပြည်သူ ၄၀၀ ခန့်မှာ မတ်လ ၇ ရက်နေ့က စစ်တွေမြို့မှာဆွေးနွေးမှုပြုလုပ်ခဲ့ကာ ၎င်းဆွေးနွေးချက်များအား နိုင်ငံတော်သမ္မတထံ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်မရသဖြင့် ကျေးရွာပေါင်း (၃၈) ရွာမှ ဒေသခံ ၁၀၀၀၀ ကျော်မှာ ရိက္ခာပြတ်လပ်မှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။ဒါးလက်ကျေးရွာအုပ်စုတွင် ရခိုင်တိုင်းရင်းသား ၃၀ ရာခိုင်နှုန်းခန့်နှင့် ချင်းတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒုက္ခသည်များအတွက် အိန္ဒိယ အစိုးရမှလှူဒါန်းထားသည့် စားနပ်ရိက္ခာနှင့် လူအသုံးအဆောင်ပစ္စည်းများကို ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်များကို ယခုလတွင် စတင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။