ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အမှတ်(၁)ဝင်/ထွက်စခန်းအခြေစိုက် ဓညဝတီရေတပ်မှ ရေတပ်သား ၄ ဦးကို Speed Boat တစ်စီးနှင့်အတူ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ကျော်လွန်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသော မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာသားများအပါဝင် ၁၂ ဦးအမှုကို စစ်ဆေးရန်အတွက် သြဂုတ်လ ၂၈ ရက်နေ့မှာ တရားလိုပြသက်သေ (၈) ဦးကို စစ်တွေခရိုင်တရားက ဆင့်ခေါ်ခဲ့သော်လည်း (၁)ဦးသာရောက်ရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရတနာ့မာန်အောင်ကျောင်းတိုက် တွင် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဥပုသ်သည်များအား ကျွေးမွေးနိုင်ရန် ဆွမ်းချက်ရာမှ ထမင်းပေါင်းအိုး ပေါက်ကွဲမှုဖြစ်ကာ ကိုရင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးပြီး ၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

သြဂုတ်လ ၂၈ ရက်နေ့က ကားများပိတ်မိနေမှုနှင့်ပတ်သက်ပြီး DMG မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအားမေးမြန်းခဲ့ရာ အရပ်သားများတိုက်ပွဲအတွင်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိ စေရန်အတွက် တပ်မတော်သားများမှ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“အိမ်ကြားကပစ်တယ်ဆိုရင် အိမ်ကြားကိုပြန်ပစ်မှာ၊ ဘုန်းကြီးကျောင်းကနေ ပစ်တယ်ဆိုရင် ဘုန်ကြီးကျောင်းနေရာကို ပြန်ပစ်မှာ၊ စာသင်ကျောင်းနေရာက ပစ်တယ်ဆိုလို့ရှိရင် စာသင်ကျောင်းနေရာကို ပြန်ပစ်မှာ၊ ကိုယ့်ကိုပစ်တဲ့နေရာမှန်သမျှ အကုန်ပြန်ပစ်မှာ၊ မပစ်ရင်ကိုယ်သေသွားမှာပေါ့” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။