ရခိုင်ပြည်နယ်အတွင်း “မိုရာ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကျပ်သန်းပေါင်း ၃၈၂ ကျော်ထိရှိခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် တပ်မတော်ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ ရောက်ရှိနေကြသည်။

ဆိုင်ကလုန်း မုန်တိုင်း “မိုရာ” တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် ပျက်စီးဆုံးရှုံးမှု လွန်စွာအများပြားရှိခဲ့ပြီး အကူအညီများလိုအပ်လျက်ရှိနေပြီး အစိုးရကူညီကယ်ဆယ်ရေး လုပ်ငန်းများကို မေလ ၃၁ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောဆိုသည်။

ရခိုင်ပြည်နယ် အတွင်း မိုရာ စိုင်ကလုံးမုန်တိုင်းကြောင့် လျှက်စစ်မီးပြတ်တောက်ခဲ့ကာ ယနေ့ မေလ ၃၀ ရက်နေ့ ညပိုင်း ၆ နာရီခန့်မှစတင်ကာ စစ်တွေမြို့မှလွဲပြီး ရခိုင်တစ်ပြည်နယ်လုံး လျှက်စစ်မီး ပြန်လည်ရရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အင်ဂျင်နီယာ ဦးကြီးဇေယျာက DMG သို့ အတည်ပြုပြောဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၂ မြို့နယ်ခန့်မှာ ဆိုင်ကလုံးမုန်တိုင်း မိုရာကြောင့် အဆောက်အဦးတချို့နှင့် စာသင်ကျောင်းများ အပျက်အစီးတချို့ရှိသော်လည်း ဇွန်တစ်ရက်နေ့ မြို့နယ်တိုင်းမှာ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက်မျာအတွက် အထူးအရေးပါ အရာရောက်ပြီး ရေဘေးအန္တရာယ်ကျရောက်မှုမှ ထိန်းသိမ်းကာကွယ်ထားသည့် ဆည်တာတမံမှာ မေလ ၂၉ ရက် နေ့လည် တစ်နာရီခန့်က မုန်တိုင်းအရှိန်ကြောင့် ဒီရေလှိုင်းကြီးဒါဏ်ကို မခံနိုင်ဘဲ ကျိုးပေါက်ပျက်စီးသွားကြောင်း ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းကြည်က DMG ကို ဆက်သွယ်ပြောဆိုသည်။