ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စိုက်ထူထားသည့် ဆိုင်းဘုတ်အခု ၄၀ ရှိသည့်အနက် ၅ ခုမှာ ဖျက်ဆီးခံလိုက်ရကြောင်း ယင်းပါတီထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌  ညမထွက်ရအမိန့် ပုဒ်မ -၁၄၄ အား ဖောက်ဖျက်သူ ၁၅ ဦးအား ထောင်ဒဏ် ၁ လချမှတ်ခဲ့ကြောင်း ဒေသအာဏာပိုင်များထံမှသိရသည်။

တပ်မတော်စစ်ကြောင်းထံ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အမ်းမြို့နယ်၊ စနဲကျေးရွာဒေသခံနှစ်ဦး ပြန်လည် လွတ်မြောက်လာသော်လည်း ကျေးရွာအတွင်း တပ်မတော်သားများရှိနေခြင်းကြောင့် ၎င်းတို့မှာ ရိုက်နှက်ခံထား ရသည့်ဒဏ်ရာများကို ဆေးကုသရန်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်း(၇)ဖွဲ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများလျော့ပါးစေရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တိုက်တွန်းလိုက်သည်။