ဓာတ်ပုံ - ရခိုင်ပြည်နယ်လွှတ်တော်ဂျာနယ်

မင်းထွန်း/DMG

ဇူလိုင်လ ၁၂၊စစ်တွေ

စစ်ဘေးရှောင်များအတွက် မိုးရာသီတွင် လုံလုံခြုံခြုံနေထိုင်နိုင်ရေးအတွက် နေအိမ်များ အမြန် ဆုံး ဆောက်လုပ်ပေးရေးအတွက် အစိုးရကို တင်ပြပေးရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ကို ရခိုင်ပြည်နယ် လွှတ်တော် အကြီးအကဲများက ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

ကုလအထူးကိုယ်စားလှယ်သည် ရခိုင်ပြည်နယ်၏ လက်နက်ကိုင်ပဋိပက္ခအခြေအနေများ အပါအဝင် မွတ်ဆလင်ကိစ္စများကို လေ့လာရန်အတွက် ဇူလိုင်လ ၁၀ ရက်နေ့က ရခိုင်ပြည် နယ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်က အကြီး အကဲများနှင့်တွေ့ဆုံရာတွင် ထိုသို့တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“အဓိကတော့ စစ်ဘေးရှောင်တွေဟာ မိုးတွင်းကာလမှာ နေဖို့ထိုင်ဖို့အခက် အခဲရှိနေ တဲ့အတွက်ကြောင့် နေဖို့ထိုင်ဖို့အိမ်ရာတွေကို အမြန်ဆုံးဆောက်လုပ်ပေးဖို့အတွက်ကို အစိုးရကိုတိုက်တွန်းပေးပါဆိုပြီး မှာကြားလိုက်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဦးမြသန်းက ပြောသည်။

ထို့ပြင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ နှင့် ပတ်သက်ပြီး ပြည်သူများ ဒုက္ခရောက်နေသည့်အကြောင်းများနှင့် ပဋိပက္ခပြေလည်ရန်အတွက် နိုင်ငံရေးစားပွဲဝိုင်းခေါ်ယူပြီး အမြန်ဆုံးညှိနှုန်း အဖြေရှာသင့်သည့်အကြောင်းများကိုလည်း ရခိုင် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောကြားခဲ့သည်။

ကုလအထူးကိုယ်စားလှယ်သည် ရခိုင်အမျိုးသားပါတီအပါအဝင် စစ်တွေမြို့က အရပ်ဖက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံကာ စစ်ရေးပဋိပက္ခ၊မွတ်ဆလင်အရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ယင်းအပြင် စစ်တွေနှင့် မြေပုံမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များနှင့် စစ်တွေသို့ ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၅)သောင်းကျော်အထိရှိလာပြီး မိုးရွာ သွန်းမှုကြောင့် နေထိုင်ရေးအခက်အခဲများနှင့်ရင်ဆိုင်နေရသည်။ထိုအခက်အခဲပြေလည်ရန် အတွက် အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပံ့မှုများ ပြုလုပ်နေရပြီး အစိုးရကလည်း  မြို့နယ် (၅)ခုတွင် စစ်ဘေးရှောင်စခန်း (၉)ခု တည်ဆောက်နေသည်။ သို့သော် လက်ရှိ အချိန်ထိ ပြီးစီးမှုမရှိသေးဟု စစ်ဘေးရှောင်များထံက သိရသည်။

Author: Admin