ဓာတ်ပုံ-ကိုထွန်းကြွယ်

ခိုင်ရိုးလ/ DMG၊ နိုဝင်ဘာလ ၂၆၊ စစ်တွေ

ရက္ခိုင့်တပ်မတော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မွေးနေ့တွင် သူ၏ပုံနှင့် မီးပုံးပျံလွှတ်တင်မှုဖြင့် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သူ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ဦးတင်မြင့်က DMG ကို ပြောသည်။

အဆိုပါထောင်ဒဏ်ချမှတ်ခံရသူမှာ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှ ကိုလှထွန်းကျော်ဖြစ်သည်။ ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလက ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ၃၉ နှစ်မွေးနေ့တွင် မီးပုံးပျံလွှတ်တင်ခဲ့မှုဖြင့်  မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲထားခြင်းခံခဲ့ရပြီးနောက် ယင်းသို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

 “ သူ့ကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ ကျောက်ဖြူမြို့နယ်တရားရုံးက ပုဒ်မ ၁၇(၁) နဲ့ ချမှတ်လိုက်တာပါ ” ဟု ဦးတင်မြင့်က ပြောသည်။

၎င်းကို  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခု ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး ဆက်လက် အယူခံဝင်သွားမည်ဟု ဦးတင်မြင့်က ဆက်လက်ဆိုသည်။