မြတ်ဝင်းကျော်  | DMG

အောက်တိုဘာ ၁၇ ၊ ရန်ကုန်

အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်၊ လုံတင်လိုင်မြို့၌ ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင် ၁ ဦး တည်းခိုနေသည့် နေအိမ်သို့ မျက်နှာဖုံးဝတ်ဆင်ထားသူ ၇ ဦးက ဝင်ရောက်စီးနင်းကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အောက်တိုဘာ ၁၅ ရက်နေ့တွင် AA က ထုတ်ပြန်လိုက်သည်။

ထိုသို့ နေအိမ်အတွင်း ဝင်ရောက်စီးနင်းရာတွင် ပါဝင်သည့် မျက်နှာဖုံးဝတ်ဆင်ထားသူများအထဲတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ တပ်ဖွဲ့ဝင်များပါဝင်ကြောင်း AA က စွပ်စွဲလိုက်သည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် ကျော်ဝင်းနိုင်သည် ကျန်းမာရေးကိစ္စဖြင့် ၄င်း၏သူငယ်ချင်းဖြစ်သူနေအိမ်၌ တည်းခိုနေစဉ် အောက်တိုဘာ ၆ ရက်နေ့ အိန္ဒိယစံတော်ချိန် နံနက် (၁)နာရီအချိန်ခန့်တွင် မျက်နှာဖုံးစွပ် ဝတ်ဆင်ထားသူများမှ နေအိမ်တံခါးအား ရိုက်ချိုးဖျက်ဆီးဝင်ရောက်ကာ ကျော်ဝင်းနိုင်အား ဖမ်းဆီးပြီး ကွန်ပျူတာ၊ ဖုန်း၊ စာရွက်စာတမ်း၊ ငွေကြေး စသည်တို့ကိုပါ သိမ်းဆည်းသွားကြောင်း AA မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခထံမှ သိရသည်။

“သူ(ကျော်ဝင်းနိုင်)တည်းခိုနေတဲ့အိမ်မှာ သူ့သူငယ်ချင်းတော့မရှိဘူး။ ကလေး ၂ ဦးရှိတယ်။ သူတို့တော့ ထွက်ပြေးလို့ လွတ်သွားတယ်။ ကလေးတွေပြောတာကတော့ လာဖမ်းတဲ့အထဲမှာ ALP က နှစ်ယောက် ပါတယ်လို့ နာမည်နဲ့တကွ ပြောတယ်” ဟု ခိုင်သုခက ပြောသည်။

ALP မှ ခိုင်အေးပိုင်နှင့် တိုက်အောင်တို့သည် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့်အတူ ကျော်ဝင်းနိုင်အား ဖမ်းဆီးသည့်အဖွဲ့၌ ပါဝင်ခြင်းဖြစ်ကြောင်း ၄င်းကဆက်၍ ရှင်းပြသည်။

“ဗမာတပ်က ၂ ဦးပါတယ်လို့ သိရတယ်။ ALP က နှစ်ဦးကတော့ သူရှိတဲ့နေရာကို လက်ထောက်ချ သတင်း ပေးတယ်။ ဒီကိစ္စနဲ့  ALP က တာဝန်ခံရမယ်” ဟု ခိုင်သုခက စွပ်စွဲသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ကမူ ခိုင်အေးပိုင်နှင့် တိုက်အောင်တို့ကို မိမိတို့ ခေါင်းဆောင်းများအနေဖြင့် ညွှန်ကြားထားခြင်းမရှိကြောင်း၊ သို့သော်လည်း ၄င်းတို့နှစ်ဦး ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို ပါတီနှင့် တပ်မတော်က သေချာစိစစ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“ကျနော့်တို့ ရဲဘော်တွေကို ညွှန်ကြားချက်ပေးထားတာ မရှိသလို သူတို့လည်း အဲဒီလိုလုပ်လိမ့်မယ်မဟုတ်လို့ ယူဆတယ်။ ကျနော်တို့ အခုလုပ်နေတာ ပါတီတော်လှန်ရေးမဟုတ်ဘူး။ တစ်မျိုးသားလုံးအတွက် တော်လှန်ရေး အပေါ်မှာ အခြေခံလို့လုပ်တဲ့အတွက် ကျနော်တို့က အားလုံး ရခိုင်ပြည်အတွက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လုပ်ဖော်ကိုင်ဖက်ပဲလို့ သဘောထားတယ်” ဟု ALP မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ခိုင်စောမြက ငြင်းဆိုသည်။

ALP ၌ မည်သည့် တော်လှန်ရေးလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားခြင်း၊ လုပ်ကြံခြင်း စသည့်တို့ မရှိစေရကြောင်း မူဝါဒရှိပြီး အဆိုပါ အခင်းဖြစ်ခဲ့သည့်ဒေသ၌ အခြေစိုက်၍မရှိကြောင်း၊ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများသာ ယင်းနေရာတွင် တည်ရှိကြကြောင်း ၄င်းက ဆက်၍ပြောသည်။

“ကျနော်တို့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာ လုံးဝ တာဝန်ယူတယ်။ ဒါပေမယ့် AA က ထုတ်ပြန်ထားတော့ ထပ်ပြီး သူတို့နှစ်ဦးကို စိစစ်သွားဦးမယ်။ တကယ်လို့ အဲလိုသာလုပ်ခဲ့ကြရင် ကျနော်တို့ရဲ့ စည်းကမ်းအရ အရေးယူသွားမယ်” ဟု ဗိုလ်မှူးကြီး ခိုင်စောမြက ပြောသည်။

ဖမ်းဆီးခံရသည့် AA တပ်ဖွဲ့ဝင်အား အာသံရိုင်ဖယ်မှ မြန်မာနိုင်ငံဖက်ခြမ်းရှိ မြိတ်ဝစခန်းသို့ အောက်တိုဘာ ၁၀ ရက်နေ့က လွှဲပြောင်းပေးလိုက်ကြောင်း၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် မြိတ်ဝကျေးရွာရှိ ဇရပ်၌ ဖမ်းဆီးခံရသူ (ကျော်ဝင်းနိုင်) ဟု ယူဆရသူတစ်ဦး ညှဉ်းပမ်းမှုမျိုးဖြင့် ခြေ၊ လက်များကိုပိုင်းဖြတ်ကာ အသတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ခိုင်သုခက ပြောသည်။

“ဖမ်းဆီးပြီးတော့ ကျနော်တို့က ဥပဒေကြောင်းအရ ရုံးတင်မလားကြည့်နေတယ်။ ဒါပေမယ့် ရုံးကိုလည်း မရောက်ဘူး။ အခု အသတ်ခံလိုက်ရပြီလို့တော့ ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ အတည်ပြုလို့မရ သေးဘူး” ဟု ခိုင်သုခက ဆိုသည်။

Author: Admin