ခိုင်ရိုးလ/DMG                                                  

ဇူလိုင်လ ၅၊စစ်တွေ

ရက္ခိုင့်တပ်တော်(AA)၏ စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုစစ်ဦးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်၊ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် စံရွှေမောင်တို့ကို စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။

မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာက ဒေသခံ (၇)ဦးတို့ကို ၂၀၁၄ ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် တရား စွဲဆိုထားသည်။ ယင်းအမှုတွင် ကျောင်းတောင်ဒေသခံ (၇)ဦးအပြင် AA ထိပ်ပိုင်း ခေါင်းဆောင် (၅)ဦးကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ကျောင်းတောင်ဒေသခံများအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။

“ တရားခံပြေး (၅) ဦးက ဆက်စပ်တဲ့အမှုဆိုပြီးတော့ မှုလအမှုမှာတွဲထားတော့ “ရာ/သေး”ခေါ်တာပေါ့လေ။ ပြစ်မှုဆိုင်ရာအထွေထွေအမှုအမှတ် (၅၁၂) နဲ့တွဲထားတာ။ အဲဒီအမှုကို ကျွန်မတို့က လေ့လာဖို့လို တယ်ဆိုပြီး လေ့လာလိုက်တော့ ။ ပထမဆုံး ၁ ကိုမြင်လိုက်တယ်။ ထွန်းမြတ်နိုင်ဆိုပြီးတော့။ အဲဒီတော့ နာမည်တစ်ခု တူနေပါလားဆိုပြီး အလျင်စလိုလိုက်မှတ်တော့။ (၄) မှာ ခိုင်သုခဆိုပြီးတော့ ဟာ  ဒါဘာကြီးပါလဲဆိုပြီးတော့ ပြန်ဖတ်တော့ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်၊ ကျော်ဟန်၊ ခိုင်သုခ၊ စံရွှေမောင်ဆိုပြီးတော့ တရားခံပြေးတွေ ဖြစ်နေတယ် ” ဟု ဒေါ်အေးနုစိန်က ပြောသည်။

အဆိုပါအမှုကို ဇူလိုင် ၄ ရက်နေ့တွင် ရုံးထုတ်ရာတွင် တရားခံပြေးအမှုနှင့် ဆက်စပ်နေသောကြောင့် စစ်ဆေးရန် မဖြစ်သေးသည့်သဖြင့် ဇူလိုင်လ ၁၈ ရက်နေ့သို့ ရုံးချိန်းလိုက်သည်ဟု ၎င်းက ဆက်လက်ဆိုသည်။

ထို့အပြင် AA ခေါင်းဆောင်များကို တရားခံပြေး ကျင့်ထုံးပုဒ်မ (၅၁၂) ဖြင့် အမှုဖွင့်ပြီး တရားခံပြေး အဖြစ် မကြော်ငြာသရွေ့ ယခုအမှုကို စစ်ဆေး၍ မရဟုလည်း ဒေါ်အေးနုစိန်က ပြောသည်။

“အဲ့တော့ အဲဒီလူတွေ ဘယ်မှာရှိလဲ။ ဖမ်းဆီးရမိမှုရှိ မရှိ ဆိုတာတွေကို ရဲတွေက အစီအရင်ခံတင်လိမ့်မယ်။ ပြီးတော့ မှင်နီသက်သေဆိုတာရှိတယ်။ အဲဒီအမှုမှာ ပြီးမှတကယ်ပဲ။ အဘအမည်၊ဘယ်သူ ၊နေရပ်လိပ်စာနဲ့ ထွန်းမြတ်နိုင်ဟာဖြင့်၊ ညိုထွန်းအောင်ဟာဖြင့်၊ ကျော်ဟန်ဟာဖြင့်၊ ခိုင်သုဟာဖြင့် စံရွှေမောင်ဟာဖြင့် ဒီအမှုနဲ့ ဖမ်းဆီးပြီးတော့ စွဲဆိုနိုင်ခြင်းမရှိပါဘူး ဆိုပြီးတော့ ရုံးရှေ့မှာ ထွက်ဆိုရဦးမယ်။ ထွက်ဆိုပြီးတော့ သူတို့ကို တရားခံပြေးအဖြစ် ကြော်ငြာပြီးတော့ အဲဒီအမှုကို ပိတ်လိုက်ပြီးတော့မှ ဒီ(၁၂)ဦးအမှုကို စပြီးစစ်လိမ့်မယ်။ အဲလို အနေအထားမျိုး ဖြစ်နေတယ်။ ဒါ လုပ်ထုံးလုပ်နည်းပဲ ”ဟု ၎င်းက ဆိုသည်။

ကျောင်းတောင်ရွာသား (၇)ဦးတို့ကို မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက်နယ်၊ သပေါ့စာတဲစုမှာ နေထိုင်သူ တစ်ဦး ငှက်ဖျားရောဂါဖြစ်၍့ သတိမဲ့နေသဖြင့် မတ်လ ၁၂ ရက်နေ့က မြောက်ဦးဆေးရုံသို့ လိုက်ပို့စဉ် ချောင်းသစ် ကျေးရွာအနီးတွင် တပ်မတော်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

Author: ခိုင်ရိုးလ