သက်နိုင် | DMG
ဇူလိုင် ၇၊ စစ်တွေ
အေအေအဖွဲ့ဝင်တစ်ဦးသည် ဇွန်လ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း၌ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတောစခန်းမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း တပ်မတော်မှ ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ထိုသို့ အလင်းဝင်ရောက်လာသူမှာ အေအေ၏ လမ်းစဉ်ကို အယုံအကြည်မရှိတော့သဖြင့် လက်နက်ကိုင် လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟုပြောကြောင်း တပ်မတော် ထုတ်ပြန်ချက်ကဆိုသည်။
ယခု ဥပဒေဘောင်အတွင်းဝင်ရောက်လာခဲ့သူအား လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးထားပြီး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာမည့်သူများကိုလည်း တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရန် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်သည်ဆိုသည်မှာ တပ်မတော်မှ ဝါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း အေအေ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။
“အဲလိုမျိုး ကျနော်တို့ဘက်က အလင်းဝင်တာမရှိဘူး။ ဒါတပ်မတော်က သက်သက်လုပ်ကြံပြီး ဝါဒ ဖြန့်တာဖြစ်တယ်။ ဒါဗမာစစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာဖြစ်တယ်” ဟု ခိုင်သုခကပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှာ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေသည်မှာ ၆ လကျော်ကြာမြင့်လာနေပြီး တိုက်ပွဲအတွင်းနှစ်ဖက်အထိအခိုက်အကျအဆုံးများကြောင်းလည်း လေ့လာသူများက ပြောဆိုကြသည်။




