နေရောင်မင်း/DMG
ဇူလိုင် ၂၃၊ စစ်တွေ
ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်နှစ်ဦးကို ဇူလိုင်လ ၂၁ ရက်နေ့က ကချင်ပြည်နယ်အတွင်းတွင် ဖမ်းမိခဲ့သည်ဟု တပ်မတော်က ဇူလိုင်လ ၂၂ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့ဘက်မှ မြစ်ကြီးနားမြို့ ဘက်သို့ ဦးဇော်လွင်(ဘ)ဦးကြီးငွေ မောင်းနှင်လာသော NOAH အမျိုးအစား ယာဉ်အမှတ်၊ 4L/------ အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ကဒုံကစင်စခန်းမှ ထွက်ပြေးလာသော AA တပ်သားအဆင့်ရှိ လှအောင်ထွန်း (ဘ) ဦးဒိုးအောင် နှင့် ကျော်နိုင်စိုး(ဘ) ဦးကျော်သိန်းမောင် တို့အား ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
၎င်းတို့ကိုစစ်ဆေးမေးမြန်းချက်အရ ကျောက်တော်မြို့နယ်၊စပါးဆိပ်ကျေးရွာနေသူများဖြစ်ကြောင်း၊ ကချင် ပြည်နယ်သို့သွားရောက်ကာ ရေမဆေးကျောက်ရှာဖွေစဉ် ၂၀၁၉ ခုနှစ်တွင် AA သို့ဝင်ရန် စည်းရုံးသဖြင့် တပ်သားသစ် သင်တန်း အမှတ်စဉ်(၅၁)အား ၂ လခန့်တက်ရောက်ခဲ့ကြောင်း၊သင်တန်းဆင်းပြီးနောက် (ဒေသအခေါ်)ကဒုံကစင်စခန်းတွင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊AA တပ်ဖွဲ့ဝင်များ ကျဆုံး/ဒဏ်ရာ ရရှိမှုတို့ များပြားကြောင်း သတင်းများကြားသိရပြီး ၄င်းဒေသသို့ အင်အား ဖြည့်တင်းရန်အတွက် တပ်သားသစ် များပို့ဆောင်ရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် ယခုကဲ့သို့ထွက်ပြေးလာစဉ် ဖမ်းဆီးခံရခြင်းဟု တပ်မတော် က ထုတ်ပြန်သည်။
အဆိုပါဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွား မည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် ရက္ခိုင့်တပ်တော်(AA)ကိုဆက်သွယ်ခဲ့သော် လည်း အဆက်အသွယ်မရရှိခဲ့ပေ။




