ဝင်းညွှန့် | DMG
ဇူလိုင် ၁၂၊ စစ်တွေ
စင်္ကာပူတွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်လူမျိုးများနှင့်ပတ်သက်ပြီး ယင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည့် AA/ULA နှင့်ပတ်သတ်ပြီး ဖော်ပြထားသော အချက်အလက်တစ်ချို့မှာ ပြင်းထန်လှပြီး မြန်မာအစိုးရ၏ မျှတမှုမရှိသည့် တစ်ဖက်သတ်စွပ်စွဲထားသော ထုတ်ပြန်ချက်များကို ကိုးကားထည့်သွင်းသည်ကို တွေ့ရှိရသည်ဟု ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(AA/ULA)က ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်သည်။
စင်္ကာပူအစိုးရအနေဖြင့် အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ချမှတ်ထားသော ဥပဒေဘောင်ထဲမှ လုပ်ဆောင်သွားသည်ဟု ဆိုသော်လည်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသော အသုံးအနှုန်းနှင့် ကိုးကားချက်များမှာ မိမိတို့အဖွဲ့အစည်းနှင့် ရခိုင်တစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု AA ကဆိုသည်။
ယင်းအပြင် အကူအညီကင်းမဲ့နေသော စစ်ဘေးရှောင်များအတွက် များစွာနစ်နာစေသောကြောင့် စင်္ကာပူအစိုးရနှင့် စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနတို့အနေဖြင့် နိုင်ငံကြီးသားပီသစွာဖြင့် ယင်းထုတ်ပြန်ချက်ကို ပြန်လည် သုံးသပ်စေလိုသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာအစိုးရကို တော်လှန်နေသည့် ရက္ခိုင့်တပ်တော် (AA )ကို ထောက်ပံ့နေသည့် စင်္ကာပူရောက်မြန်မာတချို့ကို ဖမ်းဆီး ပြည်နှင်ဒဏ်ပေး၍ ပြန်ပို့မည်ဟု ဇူလိုင်လ ၁၀ ရက်နေ့တွင် စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားအုပ်စုတစ်ခုသည် ရက္ခိုင့်တပ်တော် (AA)နှင့် နိုင်ငံရေးပါတီ ULA ကို ထောက်ပံ့ရန် စည်းရုံးဆော်သြခဲ့ကြောင်း၊ AA တပ်ဖွဲ့သည် အကြမ်းဖက်တိုက်ခိုက်မှုများကို မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံသားတစ်ဦးသည် AA ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်မှုရှိပြီး AA ကို ထောက်ခံကြရန် ရခိုင်အသိုင်းအဝိုင်းတွင် ဆော်သြခြင်း၊ AA အတွက် ရန်ပုံငွေရှာဖွေခြင်းများ လုပ်ဆောင်ကြောင်း စသည်ဖြင့် စင်္ကာပူက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် မိမိတို့အဖွဲ့အစည်း တစ်ခုတည်းကိုသာမက တခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စွပ်စွဲလျက်ရှိသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီအရင်းဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ရခိုင်အသင်း(စင်္ကာပူ) ဥက္ကဌ ကိုဟိန်းဇော်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသားလေး(ခ) ရဲကျော်ထက်၊ မေကြီး(ခ)အေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့မှာ ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် စင်္ကာပူအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံလိုက်ရသည်။
ယင်းအထဲမှ ကိုတင်လှိုင်ဦးနှင့် မေကြီး(ခ)အေးမြတ်မွန်တို့မှာ ဇူလိုင်လ ၁၀ ရက်နေ့က ပြန်ပို့ခံခဲ့ရပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်အနီး၌ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံလိုက်ရသည်ဟု ကိုတင်လှိုင်ဦးက DMG နှင့် အဆက်အသွယ်ရရှိခဲ့ချိန်တွင် ပြောကြားခဲ့သည်။
သို့သော် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးပေ။ ယင်းကိစ္စနှင့်ပတ်သက်၍ ရဲသတင်းမှန် ပြန်ကြားရေးမှ ရဲမှူးကြီး မျိုးသူစိုးကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပေ။




