ခင်သရဖီဦး | DMG
နိုဝင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအလွန်ကာလ၌ စစ်ရေး၊နိုင်ငံရေးအခြေအနေများကြောင့် စီးပွား ရေး အခက်အခဲများ ပေါ်ပေါက်လာနိုင်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကြိုတင်အစီအစဉ်များ ရေးဆွဲ ပြင်ဆင်ထားသင့်ကြောင်း ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ AASC မှ နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်သည်။

ဒီမိုကရေစီနှင့် ဥပဒေအရာတရားဝင်မှု စံနှုန်းမမီသော ရွေးကောက်ပွဲရလဒ်များကြောင့် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အစိုးရ၊ ရခိုင်လူထုနှင့် လွှတ်တော်၊ အစိုးရတို့အကြား သဟဇာတမဖြစ်နိုင်သည့် တင်းမာမှုများ ရှိလာနိုင်သော အခင်းအကျင်းတရပ်ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြတ်ချက်မှာ သုံးသပ်ထားသည်။

ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ကြီးက “ရွေးကောက်ပွဲအလွန် ကာလမှာဆိုရင် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ တော်တော်လေး ရှုပ်ရှုပ်ထွေးထွေးဖြစ်လာမယ်လို့ ကျနော် တို့ကယူဆတယ်။ အဲဒါကြောင့် အဲဒီကုန်စည်စီးဆင်းမှုတွေပြတ်တောက်သွားရင် ရခိုင်ပြည်မှာရှိတဲ့ လူတွေ အများကြီး အခက်အခဲအကျပ်အတည်ဖြစ်သွားမှာပေါ့၊ အဲဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ တစ်ဦးချင်း လုပ်နေတာမဟုတ်ပဲနဲ့ နီးစပ်ရာအုပ်စုနဲ့ ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ၊ ထွက်လာတဲ့ကုန်တွေကို ဘယ်လို လုပ်မလဲဆိုတာတွေကို ပြင်ဆင်ထားဖို့ပေါ့” ဟု ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်အနေဖြင့် စီးပွားရေးအပါအဝင် အထွေထွေအကြပ်အတည်များ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများမြင်တွေ့နေရသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ရခိုင်အမျိုးသားစီးပွားရေး၊ လူမှုရေးအခက်အခဲများကို စွမ်းအားရှိသမျှ ဖြေရှင်း နိုင်ရန် ကြိုတင်ဆွေးနွေးတိုင်ပင်၍ အစီအစဉ်များရေးဆွဲချမှတ်ထားကြောင်းဆိုသည်။

“ရခိုင်ပြည်ကို ကုန်စည်စီးဆင်းနေတာက မန္တလေးတို့၊ ပြည့်တို့၊ ရန်ကုန်တို့က စီးဆင်းနေတာပေါ့နော်၊ အဲဒီလို ကုန်စည်စီးဆင်းမှုတွေက လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ကားတွေအခက်အခဲ အကျပ်အတည်းဖြစ်နေ တာတွေရှိတယ်။ ရက်ကြာသွားတာတို့၊ အချိန်မှန်မရောက်တာတို့ စတဲ့အခက်အခဲတွေရှိနေတယ်။ အထူးသဖြင့် ကတော့ စီးပွားရေးလုပ်ငန်းရှင်အုပ်စုတွေ၊ ကုမ္ပဏီတွေ၊ လက္ကားလုပ်ငန်းရှင်တွေအနေနဲ့ ဒီအခက်အခဲ ပြဿနာကို ဖြေရှင်းဖို့ တိုင်ပင်သင့်တာကို တိုက်တွန်းတာဖြစ်တယ်” ဟု ဦးခင်မောင်ကြီးက ပြောသည်။

စစ်တွေမြို့အပါအဝင် ခရိုင်မြို့ကြီးများမှ လက္ကာလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ စီးပွားရေးအုပ်စုများအနေဖြင့် (၁)လူသုံးကုန်စည် လက္ကာစီးဆင်းရောင်းဝယ်မှု ဝင်၊ထွက်လမ်းကြောင်းများ၊ (၂)စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဈေးကွက်တင်ပို့ရေးလမ်းကြောင်းများ၊ (၃)ငါး၊ပုဇွန်မွေးမြူးရေး ဖမ်းဆီးထုတ်လုပ်ရေးနှင့် စိုက်ပျိုးထုတ်လုပ် ရေးနှင့် ဈေးကွက်တင်ပို့ရေးလမ်းကြောင်းများ၊ (၄)ရခိုင်ပြည်အတွင်း စိုက်ပျိုးနိုင်သော စားသုံးသီးနှံ စိုက်ပျိုး ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ (၅)ဆန်စပါး၊ဆီထွက်သီးနှံ၊ စိုက်ပျိုးရေး၊ စုဆောင်းရေး၊ ဈေးကွက် တင်ပို့ရေး၊ ဖြန့်ဖြူးရေးလုပ်ငန်းလမ်းကြောင်းများ စသည့်လုပ်ငန်းများတွင် မလွဲမသွေအခက်အခဲ ကြုံတွေ့ လာရမည့်အခြေအနေများ ပေါ်ပေါက်လာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Author: ခင်သရဖီဦး