
ဝင်းညွန့် | DMG
ဇူလိုင် ၁၀၊ စစ်တွေ
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ (၆) လတာကာလအတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/ AA) တို့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူ့အခွင့်ရေး ချိုးဖောက်မှုများအား ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်အတွင်း လူအခွင့်အရေးချိုးဖောက်များမှာ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်၊ အမ်းမြို့နယ်၊ ပလက်ဝမြို့နယ် အစရှိသောမြို့နယ် (၁၁) မြို့နယ်နှင့် ဗမာပြည်မှ ပြည်မြို့နယ်၊ ပုသိမ့်မြို့နယ်တို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစရှိသော မြို့နယ်(၃) မြို့နယ် အပါအဝင် စုစုပေါင်း(၁၄) မြို့နယ်တို့ ရှိပြီး ၄င်းဒေသများတွင် ပုံစံ ၉ မျိုးဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဓိက ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရခိုင်ပြည်သူနှင့် မြန်မာနိုင်ငံသူ/ နိုင်ငံသားများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ ရခိုင်ပြည်ရဲ့ ဘယ်ဒေသမှာ ဘယ်လိုမျိုးအမျိုးစား ဘယ်လောက်ထိ ဖြစ်ပွားခဲ့သလဲဆိုတာမျိုး ကိန်းဂဏန်းနဲ့ တိတိကျကျ သိရှိနိုင်ဖို့ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးက ပြောသည်။
အဆိုပါ ဒေသများရှိ လူ့အခွင့်ရေး ချိုးဖောက်ခံနေရမှု(၉) မျိုးမှာ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်ခြင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို သိမ်းယူ/ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ စေခိုင်းခြင်း၊ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း (လူမဆန်စွာ နာကျင်စေအောင် ပြုမူခြင်း)၊ သတ်ဖြတ်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့်ကို တားဆီးခြင်း၊ အစအန ပျောက်ဆုံးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်းတို့ ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခုလို လစဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာတာကို တွေ့ရှိရခြင်းအားဖြင့် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေအနေနဲ့ ရခိုင်ပြည်ရဲ့ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ အဖြေမရှာဘဲ နိုင်ငံရေးစားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ အဖြေရှာဖို့အတွက် နီးစပ်လာလိမ့်မယ်လို့လည်း မျှော်မှန်းပါတယ်” ဟုလည်း ကိုတင်ဦးကပြောသည်။




