ချလူးအောင်|DMG

ဇူလိုင် ၁၉၊ မောင်တော

ယခုရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် နွားရုံတောင်၊ဥယာဉ်သာ၊စံဂိုးတောင် စသည့်ကျေးရွာတို့တွင် ဒေသခံ (၁၀၀)ဦး ပိတ်မိနေကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းက DMG ကိုပြောသည်။

သျှစ်သျားတောင်ကျေးရွာတွင် (၈)ဦး၊ စံဂိုးတောင်ကျေးရွာတွင် (၅)ဦး၊ နွားရုံတောင်ကျေးရွာတွင် (၂)ဦးနှင့် ဥယာဉ်သာကျေးရွာတွင် (၈၅)ဦး ပိတ်မိနေခြင်းဖြစ်သည်။ လက်ရှိတွင် ဥယာဉ်သာကျေးရွာက ဒေသခံများမှာ မိမိတို့အစီအစဉ်ဖြင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ခွာရန် စီစဉ်နေသော်လည်း တခြားကျေးရွာက ဒေသခံများမှာ လုံခြုံရေးအခြေအနေရ ပိတ်မိနေဆဲဟု ဒေသခံများက ဆိုသည်။

ဦးထွန်းအောင်သိန်းက “ဥယာဉ်သာရွာကိုတော့ လွှတ်တော်ဥက္ကဌကို မနက်ကပြောထားတယ်။ သူတို့ အစီအစဉ်နဲ့ သူတို့ထွက်လာမယ်။ တစ်ခုခု အနှောင့်အယှက်မဖြစ်အောင်အတွက် လွှတ်တော်ဥက္ကဌကတစ်ဆင့် အစိုးရအဖွဲ့ကိုပြောပြီးတော့ အန္တရာယ်မရှိဘဲ ထွက်နိုင်အောင်တော့ ပြောထားတာရှိပါတယ် ” ဟု ပြောသည်။

နွားရုံတောင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ်များ မီးရှို့ခံခဲ့ရသည်။ ထို့ကြောင့်ဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြသော်လည်း မျက်မမြင်တစ်ဦးနှင့် မသန်စွမ်းတစ်ဦးတို့ ရွာထဲတွင် ပိတ်မိနေခဲ့သည်။

“လောလောဆယ်မှာ(နွားရုံတောင်က)လူတွေကို ကယ်ထုတ်နိုင်တာ မရှိသေးဘူး။ ကျနော်တို့တော့ ICRC နဲ့ တော့ ပြောထားတယ်။ သူတို့တော့ ကြိုးစားကြည့်မယ်လို့ပြောပါတယ်”ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

နွားရုံတောင်ကျေးရွာမှ ရွာသားနှစ်ဦးကို သွားရောက်မကယ်ထုတ်နိုင်သေးခြင်းမှာ လုံခြုံရေးစိုးရိမ်မှုရှိသောကြောင့်ဟု ဒေသခံများက ဆိုကြသည်။  

ဇူလိုင်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင်လည်း ဘူးသီးတောင်မြို့နယ်၊ကံပြင်ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်( AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

လတ်တလောတွင် ဘူးသီးတောင်မြို့နယ်အပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ အမ်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၅)သောင်းကျော်အထိ ရှိလာနေပြီဖြစ်သည်။

Author: ချလူးအောင်