
(ယနေ့ တွေ့ဆုံခဲ့သည့် ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးက ပြန်/ဆက် ခရိုင်ဦးစီးအရာရှိများအား တွေ့ရစဉ်။ ဓါတ်ပုံ - MOI Webportal Myanmar)
ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ် ။ ။ Access to Information ကို မြှင့်တင်ပြီး သတင်းအချက် အလက်စီးဆင်းမှုကို မြန်ဆန်အောင် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက တိုင်းနှင့် ပြည်နယ် အသီးသီးက ခရိုင်အဆင့် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း MOI သတင်းအရသိရသည်။
ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ဦးစီးအရာရှိများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် သတင်းအချက်အလက် ရရှိပိုင်ခွင့်ကိုမြှင့်တင်ပြီး နိုင်ငံတကာအသိုက်အ၀ိုင်း၌ မိမိတို့နိုင်ငံ၏ ပုံရိပ်ကို မြင့်မားအောင် ဆောင်ရွက်ရန်အတွက် ကြိုးစားအားထုတ်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်လှထွန်းက ပြောကြားခဲ့သည်။
ဒုတိယ၀န်ကြီးက မိမိတို့နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာက စိတ်ဝင်စားမှုကြီးမားကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် စိန်ခေါ်မှုများပြားကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း တွင် မိမိနိုင်ငံကို ပုံဖော်ရာ၌ နိုင်ငံပိုင် မီဒီယာက ကောင်းစွာ ပုံဖော်နိုင်မှု အားနည်းကြောင်း၊ ပုဂ္ဂလိက သတင်းစာများမှာ သက်တမ်းအားဖြင့် သုံးလေးငါးနှစ်သာ ရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံတကာမီဒီယာများ၏ လက်ထဲတွင် မိမိတို့နိုင်ငံကိုပုံဖော်ရန် ထိုးအပ်ထားရသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များမှ တာဝန်ရှိသူများက နယ်မြေဒေသအလိုက် သတင်းရယူမှု၊ သတင်းပေးပို့မှု အခြေအနေနှင့် တွေ့ကြုံရသည့်အခက်အခဲများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးရုံးများ၌ သတင်းရေးသားနည်းနှင့် ပေးပို့နည်း၊ ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာများ သင်တန်းပို့ချရန် လျာထားမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။




