မြတ်ဆွေ | DMG
ဒီဇင်ဘာ ၃၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်မှ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ယာဉ်မတော်တဆဖြစ်ပွားခဲ့သည့် အမှုပေါင်း ၂၀၃ မှုရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။

ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့သောမြို့နယ်များမှာ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ဖြစ်သည်ဟု ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အမှတ်(၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်အောင်သူမင်းက ဆိုသည်။

“အဲဒီမြို့နယ်တွေကျရင် ဖွံ့ဖြိုးတိုးတက်မှုတွေများတယ်။ ကားတွေသွားလာမှုတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီး ဆိုင်ကယ်တွေ သွားလာမှုများပြားတဲ့အတွက် ယာဉ်မတော်တဆဖြစ်ပွားမှု များပြားရတာဖြစ်တယ်” ဟု ရဲအုပ် အောင်သူမင်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၂၀၃ မှုရှိခဲ့ရာ ဒဏ်ရာရရှိသူပေါင်း ၂၅၁ ဦးနှင့် သေဆုံးသူ ၁၁၁ ဦးရှိခဲ့ကြောင်း သိရသည်။ ယင်းအထဲတွင် ဇန်နဝါရီလနှင့် မေလတို့မှာ ယာဉ်မတော်တဆဖြစ်ပွားမှု ၂၅ မှုရှိကာ သေဆုံးသူ ၃၃ ဦးနှင့် အများဆုံးဖြစ်ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။

သို့သော် ယခုနှစ်တွင် Covid-19 ဖြစ်ပွားနေမှုကြောင့် stay at home သတ်မှတ်ထားခြင်းများရှိသဖြင့် ပြည်သူများသွားလာမှု နည်းပါးခြင်းကြောင့် ယခင်နှစ်များထက် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့ကျ သွားကြောင်း ရဲအုပ်အောင်သူမင်းက ဆိုသည်။

“ဒီနှစ်က Covid -19 ကြောင့် ယာဉ်တိုက်မှုတွေ လျော့ကျလာတာရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ stay at home တွေထားတော့ လူတွေလည်း လမ်းမပေါ်အထွက်နည်းသွားတာပေါ့။ နောက်ပြီးတော့ ယာဉ်တိုက်မှုအသိ ပညာပေးမှုတွေ လုပ်ဆောင်ရွက်တဲ့အတွက် စည်းကမ်းလိုက်နာလို့ ယာဉ်မတော်တဆဖြစ်ပွားမှုတွေ လျော့ကျ လာတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်းက ယာဉ်မတော်တဆဖြစ်ပွားခဲ့သောအမှုပေါင်း ၃၃၇ မှု၊ ဒဏ်ရာရရှိ သူပေါင်း ၄၆၅ ဦးနှင့် သေဆုံးသူ ၁၄၄ ဦးအထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။

Author: Admin