ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဝင်းညွန့် / DMG

သြဂုတ် ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် AA လေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်အပေါ် ရက္ခိုင့်တပ်တော်(AA)က ၎င်းတို့စခန်းမဟုတ်ကြောင်း ငြင်းဆိုသည်။

တပ်မတော်မှ သြဂုတ်လ ၂ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည့် လေ့ကျင့်ရေးစခန်းတွင် ပစ်ကျင်း ၆ ကျင်း၊ လူနေတဲ ၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊   ဂေါ်ပြား၊ တူးရွင်း၊ ဓား ၈ ချောင်း၊ လက်ကိုင်ဖုန်း ၁ လုံး၊ တန်းစီကွင်း ၁ ကွင်းတို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် သြဂုတ်လ ၃ ရက်နေ့တွင်လည်း ခြေရာတော်ကျေးရွာ၏ အနောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာတွင် AA မှ လေ့ကျင့်ရန်ပြုလုပ်ထားသည့် သစ်သားသေနတ် ၅၀၀ လက်၊ ဒီတိုနေတာ ၆ ခု၊ ပွိုင့်၅ ကျည်ခွံပုံး ၃ ပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြား ၆၀ လက်၊ သံတူးရွင်း ၄၀ လက်၊ ဓား ၅၀ ချောင်း၊ ဖုန်း ၁ လုံး၊  ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ ၃ အိတ်၊ အခြားအသုံးအဆောင်ပစ္စည်းမျိုးစုံတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်းလည်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ AA လေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်မှာ မဟုတ်မှန် ကြောင်းနှင့် ယခုရက်ပိုင်းအတွင်း AA မှ လေ့ကျင့်ရေးစခန်းသိမ်းပိုက်ခံရမှုမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောသည်။

“ကျနော်တို့ဆီက အဲ့လိုသိမ်းလို့ရတဲ့ဖြစ်စဉ်မျိုးတော့မရှိဘူး။ အခုလိုထုတ်ပြန်တာကတော့ ပြည်သူတွေကြားမှာ သူတို့ရည်ရွယ်ချက်တစ်ခုခုနဲ့ ဝါဒဖြန့်တာပဲဖြစ်မယ်။ ကျနော်တို့ဆီက သင်တန်းကျောင်းတွေ သိမ်းဆည်း ရမိတယ်ဆိုတဲ့ဖြစ်စဉ်မျိုးက ဒီရက်ပိုင်းမှာတစ်ခုမှမရှိဘူး” ဟု ၎င်းကပြောသည်။

AA လေ့ကျင့်ရေးစခန်းအား သိမ်းပိုက်ရရှိသည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ချက်တွင် ဓါတ်ပုံ ၄ ပုံ ပူးတွဲ တင်ပြထားပြီး ထိုဓါတ်ပုံများထဲတွင် ဆေးပစ္စည်းများ၊ ဝတ်စုံများ၊ သေနတ်ပုံစံပြုလုပ်ထားသည့် သစ်သားများနှင့် ထမင်းချက်ဆောင်ထဲမှ အိုးတစ်လုံးထဲတွင် ခန့်မှန်းမရသည့် အစားအစာများ အိုးအပြည့်ချက်ပြုတ်ထားသည့်ပုံတို့ ပါဝင်သည်။

Author: Admin