ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၁၇ ၊ ရသေ့တောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် လိုင်ဂွင်(နွားလားကျော်)ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ် နှစ်စီးဖြင့်ပစ်ကူပေးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် လိုင်ဂွင်ကျေးရွာအနီး တောင်တန်းများကို လာရောက်ပစ်ခတ်ခဲ့ကာ မေယုမြစ်ထဲရှိ တပ်မတော်နေဗီမှလည်း အမြောက်ကြီးပစ်ကူပေးမှုများရှိကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။
လိုင်ဂွင်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားသံကြားရပြီးနောက် တပ်မတော်မှ ထိုသို့ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လိုင်ဂွင်ကျေးရွာမှထွက်ပြေးနေသည့် ဦးဝေသာထွန်းက ပြောသည်။
“ရဟတ်ယာဉ်နှစ်စီး ရောက်လာပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတောင်တန်းတွေကို လှည့်ပစ်တယ်။ မယူမြစ်မှာရှိနေတဲ့ နေဗီကလည်း လက်နက်ကြီးလှမ်းပစ်တယ်။ ဒါကြောင့် ကြောက်လန့်ပြီးထွက်ပြေးကြတာ” ဟု ၎င်းကဆိုသည်။
လက်ရှိမှာ လိုင်ဂွင်ကျေးရွာသားတစ်ထောင်ခန့်မှာ ရသေ့တောင်မြို့ပေါ်၊ ဇရပ်လှကျေးရွာနှင့် အလယ်ရွာကျေးရွာတို့ကို ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။
“ရွာမှာ လူပေါင်းတစ်ထောင်ကျော်ရှိတဲ့အထဲက လက်ရှိမှာ သွားလာရခက်ခဲတဲ့ သက်ကြီးရွယ်အိုတစ်ချို့သာ ကျန်တော့တယ်။ ကျန်တဲ့လူတွေ အားလုံးထွက်ပြေးကြတာ” ဟု ဦးဝေသာထွန်းက ပြောသည်။
အဆိုပါ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ တပ်မတော်နှင့် AA တို့ကို DMG က ယနေ့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။
ရသေ့တောင်မြို့နယ်အတွင်းတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က ညအချိန်ကလည်း မြို့နှင့်အနီးတွင်ရှိသည့် တပ်မတော် ခြေမြန်တပ်ရင်း ခမရ ၅၃၆ ၊ ၅၃၇ ၊ ၅၃၈ တို့ကို AA က အဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်တွင် လိုင်ဂွင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။
Related Post : ရသေ့တောင်မြို့အနီးရှိ တပ်မတော်တပ်ရင်း (၃) ခုကို AA တိုက်ခိုက်




