- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဆုထူးစံကုမ္ပဏီဝန်ထမ်းများအပါအဝင် ဖမ်းဆီးထားသူ (၉) ဦးကို AA ပြန်လွှတ်
ရက္ခိုင့်တပ်တော်(AA)က တိုက်ပွဲကာလအတွင်း ဖမ်းဆီးထားသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း(၈) ဦး အပါအဝင် လူ (၉)ဦး ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက DMG ကို ပြောသည်။
17 Aug 2019

သြဂုတ် ၁၇ ၊ စစ်တွေ
ရက္ခိုင့်တပ်တော်(AA)က တိုက်ပွဲကာလအတွင်း ဖမ်းဆီးထားသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်း (၈) ဦး အပါအဝင် လူ (၉)ဦးကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက DMG ကို ပြောသည်။
၎င်းတို့ကို ပလက်ဝမြို့နယ်၊ သျှင်မဒိန်ကျေးရွာအုပ်စု၊ အောက်ကင်းသလင်းရွာတွင် ရပ်မိရပ်ဖများနှင့် သင်းအုပ်ဆရာတို့၏ လက်ထဲသို့ ကောင်းမွန်စွာ လွှဲပြောင်းပေးအပ်ထားခဲ့ပြီဟု AA ဘက်က ပြောသည်။
“ကျွန်တော်တို့က သူတို့ကို လွှတ်ပေးဖို့အတွက် အစောကြီးကတည်းက အကြိမ်ကြိမ်ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ တိုက်ပွဲအခြေအနေက အဲဒီဒေသအနီးတစ်ဝိုက်မှာ ပြင်းထန်နေတဲ့အတွက် ဒီနေ့အထိ ကြန့်ကြာသွားရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ထိန်းသိမ်းထားစဉ်အတွင်း သူတို့ရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် အကောင်းဆုံးဖြစ်အောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်” AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကို ပြောသည်။

ဆုထူးစံကုမ္ပဏီမှ စောကိုကိုနိုင်၊ လှမျိုးအာင်၊ ဇော်မျိုးသူ၊ ကျော်မျိုးထွန်း၊ သိန်းဟန်၊ သိန်းဇော်ထွန်း၊ ထွန်းလင်းအောင်နှင့် ဇော်နိုင်ထွန်းနှင့် နန်းမှန်သစ္စာကုမ္ပဏီမှ ဖြိုးမင်းဦးတို့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
AA အနေဖြင့် တိုက်ပွဲအတွင်းဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ညှဉ်းပန်းနှိပ်စက်မှုများမပြုလုပ်ဘဲ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးရန် အောက်ခြေတပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်း ခိုင်သုခက ပြောသည်။
“ကျွန်တော်တို့ AA က အရင်တုန်းကလည်း စစ်သုံ့ပန်းတွေအဖြစ် တိုက်ပွဲအခြေအနေတွေအရ ထိန်းသိမ်းထားခဲ့တဲ့သူတွေကို ICRC ကတစ်ဆင့် လွှဲပြောင်းပေးခဲ့တာတွေရှိပါတယ်။ စစ်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ သုံးပန်းတွေကို အတတ်နိုင်ဆုံး ညှင်းးပန်းနှိပ်စက်မှုတွေ မပြုလုပ်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့ကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးဖို့ ကျွန်တော်တို့ တပ်တွေကို ညွန်ကြားထားတာတွေရှိပါတယ်။ လိုက်နာကျင့်သုံးရမယ့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကျင့်ဝတ်တွေကိုလည်း လိုက်နာမှုရှိအောင် အမြဲတမ်းညွန်ကြားထားပါတယ်” ဟု ၎င်းက ဆိုသည်။
ဆုထူးစံကုမ္ပဏီ ဝန်ထမ်းများကို မတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ - အိန္ဒိယလမ်းပိုင်း ဖောက်လုပ်နေစဉ် စစ်ထောက်လှမ်းရေးဟောင်းများဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။